ဖားကန့်ဖြစ်ရပ်အတွက် နယ်လုံဝန်ကြီးနဲ့ တပ်မှူးတယောက်ကို တပ်မတော်က အရေးယူနေတယ်လို့ဆို
2020.07.06
ဖားကန့်မြို့နယ် ဝှေခါမှော်က လူတွေအစုလိုက်အပြုံလိုက်သေဆုံးရတဲ့ဖြစ်ရပ်မှာ အစိုးရဘက်က စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး သွားရောက်စစ်ဆေးနေတဲ့ကာလမှာပဲ၊ တဖက်မှာတော့ တပ်မတော်က ကချင်ပြည်နယ်နယ်လုံဝန်ကြီးနဲ့ တပ်မှူးတယောက်ကို အရေးယူထားတယ်လို့ မနေ့ညက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖားကန့်ကိစ္စမှာ လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိတဲ့ တပ်မှူးတစ်ဦးနဲ့ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ဇူလိုင်လ (၃) ရက်ကတည်းက မူလစစ်ဖက်တာဝန်တွေကို ပြန်ထမ်းဆောင်ခိုင်းထားပြီး၊ အရေးယူနိုင်ဖို့ ဆောင်ရွက်နေသလို အဲဒီဝန်ကြီးနေရာအတွက် အစားထိုးခန့်ဖို့လဲ စီစဉ်နေတယ်လို့ တပ်မတော်ရဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
အရေးယူထားတဲ့ တပ်မှူးက ဘယ်သူလဲ၊ ဘာရာထူးအဆင့်လဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကတော့ ဗိုလ်မှူးကြီးနေလင်းထွန်းဖြစ်ပြီး သူ့ကို ၂၀၁၈ နိုဝင်ဘာလက စလို့ အဲဒီရာထူးနဲ့ တာဝန်ပေးထားတာဖြစ်ပါတယ်။
ဖားကန့်က အခုဖြစ်ရပ်မှာ သေဆုံးသူအလောင်း ၁၇၀ ကျော်ရပြီး ၂၀ ကျော် ပျောက်ဆုံးနေသေးသလို ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ခဲ့တဲ့အဲဒီဖြစ်ရပ်ကို ပြည်ထောင်စုဝန်ကြီး ၃ ယောက်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကျောက်မျက်ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စုစုပေါင်း ၆ ဦးပါတဲ့ စုံစမ်းရေးအဖွဲဖွဲ့ပြီးစစ်ဆေးဖို့ ဇူလိုင်လ ၃ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ နောက်တနေ့ ဇူလိုင်လ ၄ ရက်နေ့မှာတော့ စုံစမ်းရေးအဖွဲ့က ဖားကန့်ကိုသွားခဲ့ပြီး ဇူလိုင်လ ၆ ရက် မနေ့ကအထိ အဲဒီဒေသမှာ ရှိနေခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဖားကန့်အခြေစိုက် အလွတ်သတင်းထောက် ကိုဇော်မိုးထက်က မနေ့ညကအထိ သူတွေ့ရတဲ့ အခြေအနေကိုအခုလိုပြောပြပါတယ်။
“ဘာတွေထူးထူးခြားခြားဆောင်ရွက်သွားလဲဆိုတော့ မြေပြိုတဲ့နေရာကိုသွားကြည့်တယ်။ အဲဒီမှာရှိတဲ့ ဒေသခံအုပ်ချုပ်ရေးမှူးတွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးတယ်။ နောင်မှာ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်မလဲပေါ့။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေကိုတွေ့တယ် အလှူငွေ ပေးတယ်ပေါ့။ ဒီလောက်ပါပဲ။ ထူးခြားတာတခုကတော့ သယံဇာတနဲ့ သဘာဝထိန်းသိမ်းရေးဝန်ကြီးလဲဖြစ် စုံစမ်းရေးအဖွဲ့ရဲ့ခေါင်းဆောင်လဲဖြစ်တဲ့ ဦးအုန်းဝင်းက ဒီလူတွေဟာ လောဘကြောင့် ဖြစ်ရတာလို့ မီဒီယာတွေကို ပြောတဲ့စကားကိုတော့ ဒေသခံတွေက မကျေနပ်ကြဘူး။ ဆန္ဒပြဖို့ ပြင်နေတယ်တောင် ကြားတယ်”
စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ လူမှုရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလဲ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့က အခုလိုရေးထားပါတယ်။
ဖားကန့်မြေပြိုမှုဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုများ၊ ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြသူများကိုကူညီထောက်ပံ့မှုများပေးအပ်ခဲ့ပါတယ်။ ဒဏ်ရာရသူများတွင် အရိုးကျိုးကြေခြင်း၊ ရေမွန်းခြင်း၊ ကိုယ်ခန္ဓာ စုတ်ပြဲပွန်းပဲ့ထိခိုက်ခြင်း အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ ဒဏ်ရာရသူတစ်ဦးကိုငွေကျပ် ၂ သိန်း၊ သေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း စာရင်းအရ သေဆုံးသူ ၁၇၂ ဦး၊ ဒဏ်ရာရ ၅၄ဦး တို့အတွက် ထောက်ပံ့ငွေကျပ် ၉၆၈ သိန်း ဖြစ်ပါတယ်။ ကိုယ်တိုင်တွေ့ဆုံခွင့်ရပြီး ဒဏ်ရာရ ၃၄ ဦး၊ သေဆုံးသူများရဲ့ ကျန်မိသားစုဝင် ၁၆ ဦး တို့အား အားပေးထောက်ပံ့ခဲ့ပါတယ်။ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သော လူမှုအဖွဲ့များကိုလည်း ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်။ ဖြစ်စဉ်ကို လေ့လာခွင့်ရပြီး ဖြစ်ပွားရာနေရာကိုလည်း ရောက်ရှိခဲ့လို့ လွန်စွာစိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းနှင့် စာနာခြင်းများခံစားရပါတယ်လို့ ရေးထားပါတယ်။
အခုဆိုရင် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကူညီဖို့ အလှူငွေ သိန်းပေါင်းများစွာ ရထားပေမယ့် သေဆုံးသူတွေကို တဦးချင်း သေသေချာချာမသိရလို့ လူတိုင်းစီ မှန်မှန်ကန်ကန်ပေးနိုင်ဖို့ အခက်အခဲ ရှိနိုင်တယ်လို့ ကိုဇော်မိုးထက်က ပြောပါတယ်။
“ အလှူငွေက အားလုံးပေါင်း သိန်း ၅၈၀၀ ကျော်ရတယ်ဗျ။ အဲဒီမှာတော့ အခက်အခဲတွေအများကြီး ရှိတယ်။ တကယ် ကျန်ရစ်တဲ့မိသားစုတွေ အစစ်အမှန်မှ ရပါ့မလားပေါ့နော် ”
NGO အဖွဲ့တဖွဲ့ဖြစ်တဲ့ Justice For Myanmar အဖွဲ့ကတော့ စုံစမ်းရေးအဖွဲ့ထဲမှာပါတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှာ တစ်ဦးချင်း အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်တာကြောင့် သူပါ၀င်နေတာကို ဇူလိုင်လ ၆ ရက် မနေ့က ကြေညာချက်ထုတ်ပြီး ကန့်ကွက်ထားပါတယ်။
အဲဒီအပြင် စုံစမ်းရေးအဖွဲ့ ဝင်တွေအားလုံး ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ကြေညာပေးဖို့နဲ့ ကျောက်စိမ်းလုပ်ငန်းနဲ့ စီးပွားရေး ဆက်စပ်မှု တစုံတရာရှိပါက ကော်မတီက နှုတ်ထွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
သမ္မတတာဝန်ပေးထားတဲ့ စုံစမ်းရေးအဖွဲ့အနေနဲ့ မြေပြိုကျရတဲ့အကြောင်းရင်းနဲ့၊ အဖြစ်အပျက်နဲ့ ပတ်သက်လို့ တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ဖို့၊ သေဆုံးဒဏ်ရာရသူတွေကို ကူညီထောက်ပံ့ဖို့နဲ့ နောင်မှာ အခုလိုမဖြစ်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ အကြံပြုဖို့ဆိုပြီး လုပ်ငန်းစဉ်လေးရပ် ချပေးထားပါတယ်။