ထိုင်းနိုင်ငံ ကော့စမွီကျွန်းမြေပြိုမှု မြန်မာနှစ်ယောက် သေဆုံး
2024.12.15
ထိုင်းနိုင်ငံ၊ ကော့စမွီကျွန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က မြေပြိုကျတာကြောင့် မြန်မာအလုပ်သမားနှစ်ယောက် သေဆုံးသွားတယ်လို့ ထိုင်းအခြေစိုက် Khaosod English သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ဒီဇင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့ မနက်က မြေပြိုကျမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး တစ်ကြိမ်က အလုပ်သမားတွေ အိပ်နေတဲ့ အဆောင်ပေါ် ပြိုကျခဲ့တာကြောင့် အသက် ၁၉ နှစ်နဲ့ ၃၉ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မြေပြိုကျတဲ့ အလုပ်သမားအဆောင်နဲ့ ၁ဝ မီတာအကွာမှာ တွေ့ခဲ့တယ်လို့ သတင်းမှာ ရေးသားပါတယ်။
ကော့စမွီကျွန်းနဲ့ အနီးတစ်ဝိုက်မှာ မြေပြိုမှုအန္တရာယ်ရှိကြောင်း အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်အပြီး နောက်တစ်ရက်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။
လက်ရှိမှာတော့ အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှု ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မှာ မြေပြိုကျတာကြောင့် မြန်မာခြောက်ယောက်အပါအဝင် လူဆယ်ယောက် သေဆုံးခဲ့ပါတယ်။
အလားတူ ထိုင်းနိုင်ငံ၊ နခွန်ရတ်ချ်စီမားခရိုင်မှာလည်း ဩဂုတ်လ ၂၉ ရက်နေ့က ဆောက်လက်စ မြေအောက်ရထားလမ်း ပြိုကျတာကြောင့် မြန်မာတစ်ယောက် အပါအဝင် သုံးယောက် သေဆုံးခဲ့ပါတယ်။