ကျောက်စိမ်းလုပ်ငန်း စစ်တပ်လက်ထဲရောက်နေကြောင်း Global Witness သတိပေး

2021.06.29
ကျောက်စိမ်းလုပ်ငန်း စစ်တပ်လက်ထဲရောက်နေကြောင်း Global Witness သတိပေး ၂ဝ၂၁ မတ်လက နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲကို တက်ရောက်လာသော အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ကျောက်စိမ်းတူးဖော်ရက အကျိုးအမြတ်တွေဟာ စစ်တပ်ရန်ပုံငွေအဖြစ် ရောက်ရှိသွားလို့ မြန်မာ့ကျောက်စိမ်း ဝယ်ယူတာကို သပိတ်မှောက်ဖို့ Global Witness အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး NLD အစိုးရက၂၀၁၆ ခုနှစ်မှာ တူးဖော်ခွင့်လိုင်စင်တွေကို ရပ်ထားလိုက်ပြီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပြုခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီက ထုတ်လုပ်ခွင့်လိုင်စင်တွေကို ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် ကျောက်စိမ်းကရတဲ့ အကျိုးအမြတ်တွေဟာ စစ်တပ်ရန်ပုံငွေအတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိသားစု အပါအဝင် စစ်တပ်ဆွေမျိုး အသိုင်းအဝိုင်းတွေအတွက် ရောက်ရှိသွားမယ့် အခြေအနေရှိတယ်လို့ Global Witness အစီရင်ခံစာမှာ သတိပေးထားပါတယ်။

NLDက ထုတ်လုပ်ခွင့်လိုင်စင်တွေကို မရပ်ခင်က စစ်တပ်ရဲ့ဦးပိုင်လီမိတက်ဟာ ထုတ်လုပ်ခွင့် ပါမစ်တွေရဲ့ ၅၈ ရာခိုင်နှုန်း ပါမစ်ပေါင်း ၁၁၀၀ ကျော်ကို ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ကျောက်စိမ်းလုပ်ငန်း အားလုံးကို စစ်တပ်က ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားပြီး ဗိုလ်ချုပ်တွေနဲ့ သူ့အပေါင်းအပါတွေကို ငွေမပေးဘဲ ကျောက်စိမ်းထုတ်လို့ မရတဲ့ အခြေအနေဖြစ်တယ်လို့ မြန်မာနိုင်ငံ မူဝါဒရေးရာနဲ့ ပတ်သက်တဲ့အဖွဲ့ရဲ့ အကြံပေးKeel Dietzကပြောပါတယ်။

မြန်မာကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို တရားမဝင်တဲ့နည်းနဲ့ သွားနေတယ်လို့လည်း Global Witnessရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အစီရင်ခံစာမှာ Global Witness အဖွဲ့က မြန်မာနိုင်ငံက ကျောက်စိမ်းတင်သွင်းမှု၊ ကျောက်မျက်ရတနာ တင်သွင်းမှုတွေကို အပြည်ပြည်ဆိုင်ရာက ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။

သေနတ်ကိုင်ထားတဲ့ သူက အင်မတန်ကြီးမားကြွယ်ဝတဲ့ ရတနာသိုက်ကြီးကို ချုပ်ကိုင်ခွင့်ရနေတယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်း အလှမ်းဝေးနေဦးမှာပဲလို့ အကြံပေး Keel Dietz ပြောတဲ့အကြောင်း Global Witness အဖွဲ့ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။