သတ္တုတူးမှု ရပ်ဆိုင်းရေး ကျောက်ကြီး မှာ ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြ
2015.06.23

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်လှဲကျေးရွာအနီးက မြေဧက ၇သောင်းနီးပါးမှာ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီက သတ္တုတူးဖော်နေတာကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၄၀၀၀ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
ကုမ္ပဏီကို သတ္တုတူးဖော်ခွင့် ပေးလိုက်တဲ့မြေနေရာတွေမှာ တောင်တွေပါဝင်ပြီး ဒေသခံတွေဟာ အဲဒီတောင်တွေကို မှီခိုနေကြတဲ့လူတွေဖြစ်တဲ့အတွက် ကန့်ကွက်တာလို့ ဒေသခံတစ်ဦးဖြစ်သူ မခင်စန်းဝေက ပြောပါတယ်။
"ဒေသခံတွေကတော့ တော်တော်လေးကို သဘောမကျဘူး၊ သူတို့ယူထားတဲ့ မြေဧက ၇ သောင်းကျော် ဟာ တောင်တန်းကြီးပေါ့နော်၊ ကျမတို့ကတော့ အရှေ့တောင်လို့ခေါ်တာ၊ ဒီအရှေ့တောင်မှာပဲ ဒီနယ်က လူတွေအားလုံးဟာ သစ်ခုတ် ဝါးခုတ် မျှစ်တူး အဲ့ဒါနဲ့လုပ်ကိုင်စားပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ သူတွေက တော်တော်များတယ်၊ ဒီလိုသိမ်းပြီး ဒီတောင်ပျောက်သွားရင် သူတို့ဘာလုပ်စားရမလဲ ဒါကနံပါတ် ၁ ပေါ့နော်၊ ၂ ကတော့ အဲ့ကထွက်လာမယ့် ဒုက္ခတွေပေါ့နော်၊ ရေတွေ၊ ခဲကိစ္စတွေ ဖြစ်မယ်ဆိုတာတွေကိုလည်း သူတို့တချို့သိတယ်ပေါ့၊ လက်ပံတောင်းတောင်ကိုလည်း သူတို့မြင်ထားလို့ အဲ့လိုပျောက်သွားမယ်ဆိုလို့ရှိရင် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်မယ်ဆိုတာကို သူတို့စိုးရိမ်တယ်"
ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ရက်နေ့ကစပြီး လက်မှတ်တွေကို ကောက်ယူနေတာဖြစ်ပါတယ်။ အဲဒီ့လက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ ပေးပို့ထားပြီး နိုင်ငံတော်သမ္မတနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ထံ ဆက်လက်တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးအစိုးရနဲ့ KNU တပ်မဟာ ၃ တို့က ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီထံ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သတ္တုတူးဖော်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကုမ္ပဏီက သတ္တုတူးဖော်နေတာ ၆လလောက်ရှိပြီဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ရက်နေ့က သတ္တုတူးဖော်မှုကို ရပ်ဆိုင်းပေးဖို့အတွက် လုပ်ငန်းခွင်အနီး မှာ တောင်းဆိုခဲ့ကြပါတယ်။