စစ်ကောင်စီကို BIMSTEC အစည်းအဝေး မဖိတ်ဖို့ တောင်းဆို
ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC အစည်းအဝေးမှာ စစ်ကောင်စီကို အသိအမှတ်ပြု၊ ဖိတ်ကြားတာတွေ မလုပ်ဖို့ India For Myanmar အဖွဲ့က ဝောာင်းဆိုလိုက်ပါတယ်။
လာမယ့် မတ်လ ၃၀ ရက်မှာ ကျင်းပမှာဖြစ်ပြီး အိန္ဒိယနိုင်ငံထဲက BIMSTEC အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံရုံးတွေနဲ့ အိန္ဒိယဝန်ကြီးချုပ်ရုံးကို India For Myanmar က အိတ်ဖွင့်ပေး စာတွေပို့ပြီး တောင်းဆိုနေတယ်လို့ အဲဒီအဖွဲ့က တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
"အဓိကတော့ BIMSTEC အဖွဲ့သည်သာလျှင် စကစကို တရားဝင်အသိအမှတ်ပြုပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအစိုးရအဖြစ် လက်ခံထားတာဖြစ်တယ်။ ဒါကြောင့် စကစကို လုံးဝ အသိအမှတ်ပြုပြီး နိုင်ငံ့ကိုယ်စားအစိုးရအဖြစ် BIMSTEC အစည်းအဝေးတွေ တက်ခွင့်မပြုဖို့ ရည်ရွယ်ပါတယ်"
လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ကျင်းပမယ့် ငါးကြိမ်မြောက်၊ နိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ခေါ်ဖို့ တောင်းဆိုထားသလို မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီ တော်လှန်ရေးရဲ့ တောင်းဆိုချက်တွေကို အလေးထားဖို့အချက် တွေကို ပေးပို့ထားတာလို့ ပြောပါတယ်။
မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတွေ ပါဝင်တဲ့ BIMSTEC အဖွဲ့ဟာ စစ်ကောင်စီပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အစည်းအဝေးကိုလည်း စစ်ကောင်စီက ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခွင့်ရခဲ့တယ်လို့ Justice For Myanmar ကလည်း ဆိုထားပါတယ်။
အကယ်၍သာ BIMSTEC အဖွဲ့က စစ်ကောင်စီ ဥက္ကဋ္ဌကို နိုင်ငံ့ခေါင်းဆောင်အနေနဲ့ တရားဝင် တက်ရောက်ခွင့်ပြုလိုက်ရင် ဒါဟာ စစ်ကောင်စီရဲ့ သံတမန်ကို လက်မခံတဲ့ ကုလသမဂ္ဂ၊ အာဆီယံထိပ်သီး အစည်းအဝေးကို တက်ခွင့်ပိတ်ထားတဲ့ အာဆီယံတို့ကို ဆန့်ကျင်နေပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် စိတ်ပျက်စရာ ဖြစ်လိမ့်မယ်လို့ Justice For Myanmar က ဝေဖန်ထားပါတယ်။