သတင်းသမားရုံးချိန်း ရက်ရွှေ့ဆိုင်း


2016.10.06
myatthukyaw-620.jpg ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပတဲ့ ဆန္ဒပြပွဲမှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခံလိုက်ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်ကို တွေ့ရစဉ်
Photo: Aung thain Kha/ RFA

တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေး လှုပ်ရှားသူတွေထဲက သတင်းသမား ကိုမြတ်သူကျော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အမှုအတွက် ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးချိန်းရှိခဲ့ပေမယ့် တရား စွဲဆိုခံရသူတွေဘက်က လာရောက်ခြင်းမရှိပါဘူး။

လာမယ့် အောက်တိုဘာ၂ဝ ရက်နေ့ကို ရုံးထပ်မံချိန်းဆိုလိုက်တယ်လို့ Myanmar Press Photo Agency ရဲ့ဓာတ်ပုံ သတင်းထောက် ကိုမြတ်သူကျော် က RFA ကိုပြောပါတယ်။

"ဒီကနေ့ ၆ ရက်နေ့မှာ ကျွန်တော်ကို ရုံးပြန်ချိန်းတယ်၊ အခုရုံးသွားတဲ့အချိန်မှာ တရားခံကို ရဲဘက်က စုံစမ်း စစ်ဆေးတာ မပြီးသေးတာကြောင့်ဆိုပြီး ၂ဝ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းလိုက်ပါတယ်၊ သူတို့ဘက်က အဲဒီနေ့ ဆန္ဒပြပွဲတာဝန်ခံကိုခေါ်ထားတယ်၊ ရဲဘက်ကိုလှမ်းမေးကြည့်တော့ ဆန္ဒပြပွဲတာဝန်ခံက အလုပ်တွေ မအား တာကြောင့် မလာနိုင်သေးဘူးလို့ ပြောတယ်လို့ ပြောပါတယ်"

Myanmar Press Photo Agency ရဲ့ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်က ဆန္ဒပြပွဲအတွင်း သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူတွေကို ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ဝ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေး လှုပ်ရှားသူတွေက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်နေတာကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟောပြောနေအချိန်မှာ ဗိုလ်စိန်မှန်ရပ်ကွက်က ဘောလုံးကစားနေသူတွေနဲ့ ဘောလုံးမကန်ဖို့ ပြောဆိုရာကစပြီး ရပ်ကွက်နေသူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဲဒီ မြင်ကွင်းကို မှတ်တမ်း ဗီဒီယို ဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းမီဒီယာသမားတွေကို မှတ်တမ်းမယူဖို့ တားမြစ်ခဲ့ပြီး ကိုမြတ်သူကျော် အထိုးခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။