အမျိုးသားရေးလှုပ်ရှားသူတွေကို ဖိနှိပ်မှုရပ်တန့်ဖို့ ဆန္ဒပြ


2017.07.30
myochit-protest-july30-662.jpg အမျိုးသားရေးလှုပ်ရှားသူတွေကို ဖိနှိပ်မှုရပ်တန့်ဖို့ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူတွေ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Aung Thain Kha/ RFA

အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ဆူပူနှိုးဆော်မှု ပုဒ်မ ၅၀၅(ဂ)တို့နဲ့ တရားစွဲဆိုထားတာဟာ အမျိုးသားရေး ဖိနှိပ်မှုဖြစ်တဲ့အတွက် ရပ်တန့်ဖို့ ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ ရှေ့နေ ဦးအေးပိုင်က လက်ရှိ အမျိုးသားရေး တက်ကြွလှုပ်ရှားခဲ့ကြသူတွေကို ထင်ရှားတဲ့ ပြစ်မှုကျူးလွန်တာ မရှိဘဲ ဥပဒေ လက်နက်ကို အသုံးပြု နှိပ်ကွပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကမာရွက် တရားရုံးမှာစွဲထားတဲ့ ၅ဝ၅(ခ) ရယ်၊ မင်္ဂလာတောင်ညွန့် တရားရုံးမှ စွဲထားတဲ့ ၅ဝ၅(ဂ) တွေဟာ တကယ်တော့ ပြစ်မှုကျူးလွန်တာ မထင်ရှားဘဲနဲ့ ဥပဒေလက်နက်ကို အသုံးပြုပြီး နှိပ်ကွပ်တယ်လို့ ဒီလိုမျိုးရှိတဲ့အတွက် ဒီလိုမျိုးတပ်တာဖြစ်ပါတယ်"

ဒီကနေ့ ဆန္ဒပြပွဲမှာ ဦးဆောင်ဟောပြောကြသူတွေဟာ လက်ရှိ ဒီမိုကရေစီ အစိုးရတစ်ရပ် အနေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေကို မတရားဥပဒေတွေ နဲ့ ဖိနှိပ်နေတာတွေ ရပ်တန့်ဖို့  တောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲကို မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက သဝဏ်လွှာပေးပို့ခဲ့ပြီး အဲဒီထဲမှာ  အစိုးရ အနေနဲ့ အမျိုးသားရေးကို ဖိနှိပ်တဲ့နေရာမှာ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေ ကြောင်း၊ သံဃာအချင်းချင်းကြား မှာ NLD အစိုးရကို ထောက်ခံတဲ့ သံဃာတော်တွေ အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃ မဟာနာယက မဟနရဲ့ အမိန့်အာဏာကို ဖီဆန်ခွင့်ပေးထားပြီး ပြောဆိုဝေဖန်တဲ့ သံဃာတွေကို မဟနနဲ့ ရန်တိုက်ပေးနေတယ်လို့ ပါရှိ ပါတယ်။

ဆန္ဒပြပွဲမှာ အမျိုးသားရေး လှုပ်ရှားသူတွေကို လွှတ်ပေးဖို့၊ အမျိုးသားရေး ဖိနှိပ်မှုတွေ ရပ်တန့်ဖို့၊ ၅၀၅ ပုဒ်မနဲ့ မတရားဖမ်းဆီးထားသူတွေကို အမြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကို ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြမှုနဲ့ အမျိုးသားရေး လှုပ်ရှားသူ ၄ ဦး ဖမ်းဆီးခံထားရ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။