မန္တလေးမှာ အစိုးရကို ဆန္ဒပြခဲ့သူတွေကို ရုံးထုတ်
2017.09.06

မန္တလေးမြို့မှာ အစိုးရသစ်ဖြုတ်ချရေး သပိတ်မှောက်ခဲ့တဲ့ ဝရမ်းပြေး သံဃာ နှစ်ပါးနဲ့ လူပုဂ္ဂိုလ် လေးဦးကို တစ်လ ကြာတဲ့အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိမှု မရှိသေးပေမယ့် အမှုကိုတော့ သူတို့တွေရဲ့ မျက်ကွယ်မှာ စတင်စစ်ဆေးသွား မယ်လို့ ချမ်းမြသာစည်မြို့နယ်တရားရုံးက ဒီကနေ့အမိန့်ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က မန္တလေးမြို့သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သပိတ်မှောက်ခဲ့ကြတဲ့ သံဃာတော် ရှစ်ပါးနဲ့ လူပုဂ္ဂိုလ် ငါးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)အရ တရားစွဲဆိုခဲ့တာပါ။ အဲဒီထဲက ဖမ်းဆီးရမိထားတဲ့ သံဃာ ခြောက်ပါးနဲ့ ဦးကျော်မျိုးရွှေ ဆိုသူကို ဒီကနေ့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေသူတွေကိုတော့ တရားခံပြေးမှု နဲ့ ဖမ်းဝရမ်းဆက်ထုတ်ထားမှာဖြစ်တယ်လို့ ချမ်းမြသာစည် မြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်း က ပြောပါတယ်။
"ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေဟာ သူတို့ရဲ့လိပ်စာပါနေရပ်မှာ နေထိုင်ခြင်းမရှိကြောင်း၊ နောက်တစ်ခါ သူတို့ကို လတ်တလောဖမ်းဆီးရမိနိုင်ရန် အကြောင်းမရှိသေးတဲ့အတွက် တရားရုံးကနေ သူတို့ရဲ့မျက်ကွယ်မှာပဲ အမှုကိုစစ်ဆေးသွားဖို့ ဆုံးဖြတ်ပြီးတော့ သူနဲ့ဆက်စပ်တဲ့ ရာဇဝတ်ကြီးအမှုတွေနဲ့အတူ တပါတည်းစစ်ဖို့ ရုံးကနေဆောင်ရွက်နေတယ်"
တရားလိုဖြစ်တဲ့ မန္တလေးခရိုင် သာသနာရေးဦးစီးမှူး ဦးတင်မောင်အေးက အခင်းဖြစ်ပွားစဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို သက်သေခံအဖြစ် ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သံဃာ နှစ်ပါးမှာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နှင်းကျဲကျေးရွာ ဓမ္မသုခကျောင်းက သံဃာတွေဖြစ်ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ ဦးမြင့်ဦး၊ ဦးခင်မောင်ကြီးနဲ့ မဟာအောင်မြေ မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ချောစုဝင်း၊ ဦတင်ဇော်ကို တို့ဖြစ်ကြတယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သပိတ်စခန်းဖွင့်ခဲ့ကြသူတွေဟာ အာဏာရှင်အစိုးရ နုတ်ထွက်ပေး၊ ဗုဒ္ဓဘာသာ ကို ဖျက်ဆီးတဲ့အစိုးရ ဖြုတ်ချရေး၊ တိုင်းပြည်အကျိုးစီးပွား ဖျက်ဆီးနေတဲ့ အစိုးရဖြုတ်ချရေး၊ အမျိုးသားလုံခြုံရေးကို အကာအကွယ်မပေးတဲ့ အစိုးရဖြုတ်ချရေး စတာတွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
သြဂုတ်လ ၂ ရက်နေ့မှာ စခဲ့တဲ့ အဲဒီသပိတ်ကို ၃ ရက်အကြာ သြဂုတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဖြိုခွင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းကို စက်တင်ဘာလ ၂၀ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။