အမျိုးသားရေးလှုပ်ရှားသူတွေ တောင်းဆိုတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲ


2019.07.17
myochit-constitution-622.jpg ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေနဲ့အညီ ပြင်ဆင်ရေး အမျိုးသားရေးလှုပ်ရှားသူက မန္တလေးမြို့မှာ ၂၀၁၉ ဇူလိုင် ၁၇ ရက်နေ့က ဆန္ဒပြစဉ်
Photo: Khyamani Win/RFA

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပေမယ့် ပုဒ်မ ၅၉ အပါအဝင် ပုဒ်မတချို့ကို မူလအတိုင်းပဲထားရှိရေး မန္တလေးမြို့မှာ အမျိုးသားရေးလှုပ်ရှားသူ ဦးကျော်မျိုးရွှေ ဦးဆောင်ပြီး လူအင်အား ၅၀၀ လောက်က ဒီနေ့မနက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြဌာန်းချက် ပုဒ်မ ၄၃၆၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာသဘော သတ်မှတ်ထားတဲ့ ပုဒ်မ ၃၆၁ နဲ့ နိုင်ငံတော် အခြေခံမူတွေ ပြဌာန်းထားတဲ့ အခန်း ၁ ကို မူလအတိုင်း ထားရှိဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခန်း ၁၂ ပါ ပြဌာန်းချက်အတိုင်း ပြင်ဆင်ဖို့လည်း တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ဦးကျော်မျိုးရွှေက ဘယ်အစိုးရတက်တက် ပုဒ်မ ၅၉(စ) ကို ပြင်မှာ သဘောမတူကြောင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ ချပေးပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချသင့်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ထံ တင်ထားတဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲပါဝင်မှုကို အဆင့်ဆင့် လျှော့ချဖို့၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ရွေးကောက်ခံကိုယ်စားလှယ် သုံးပုံ နှစ်ပုံကျော်နဲ့သာ ပြင်ဆင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။