ရှမ်းပြည် အကျဥ်းထောင်နှစ်ခုက နိုင်ငံရေးအကျဥ်းသားအချို့ အပါအဝင် ၃၅၀ ကျော်လွတ်
2024.01.04

ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့ တောင်လေးလုံး အကျဥ်းထောင်နဲ့ ရှမ်းပြည် မြောက်ပိုင်း လားရှိုး အကျဥ်းထောင်ကနေ အကျဥ်းသား ၃၅၀ ကျော် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့ လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူအချို့က ပြောပါတယ်။
တောင်လေးလုံး အကျဥ်းထောင်ကနေ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူ ၁၆ ဦး အပါအဝင် စုစုပေါင်း ၃၀၄ ဦး လွတ်မြောက်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လွတ်လာတဲ့အထဲမှာ ၅၀၅ (က)ပေါ့နော်။ အဲဒါနဲ့ဖမ်းခံရတဲ့သူက ၁၆ ယောက်ပါတယ်။ ကျန်တာက တပ်မတော် စည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ တခြားအမှုတွေ ပါတယ်။ ကျားမ အရေအတွက်ကတော့ ပြန်စီစစ်နေတုန်းဆိုတော့ အတိအကျ မသိရသေးဘူး”
လားရှိုး အကျဥ်းထောင်ကနေ နိုင်ငံရေး အကျဥ်းသူ အမျိုးသမီးတစ်ဦး၊ နိုင်ငံခြားသားငါးဦး အပါအဝင် စုစုပေါင်း ငါးဆယ်ကျော် လွတ်မြောက်လာတယ်လို့ လားရှိုး အကျဥ်းထောင် ရှေ့မှာ ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။
“၅၀၅ နဲ့ ဖမ်းဆီးခံရတဲ့ မိန်းကလေး တစ်ယောက်နဲ့ဆို အမျိုးသမီးက ရှစ်ယောက် လွတ်လာတယ်။ နိုင်ငံခြားသားလည်း ပါတယ်။ ကျန်တာ အမျိုးသားတွေပဲ။ တုတ်၊ ဓားကိုင်ဆောင်မှုတွေ၊ ရန်ဖြစ်လို့ ကျတာတွေနဲ့ လွတ်တာ များတယ်”
စစ်ကောင်စီက ဒီနေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးကနေ ပြစ်ဒဏ်ချခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်တွေလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုကြောင်း ဒီနေ့မှာ ကြေညာခဲ့ပါတယ်။
ရှမ်းပြည်နယ် အပါအဝင် အကျဥ်းထောင် အသီးသီးက လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဥ်းကျခံနေရသူ အနည်းငယ်သာ လွတ်မြောက်လာတာကို တွေ့ရပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်း ကာလအတွင်း ဖမ်းဆီးခံထားရသူ ၁၉,၉၃၀ ဦးရှိပြီး အဲဒီထဲက ၈၄၅၇ ဦးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။