KIO ကို သောင်းကျန်းသူအဖြစ် စစ်အစိုးရ ပြန်သုံးနှုန်း
2010.10.15

KIOအဖွဲ့ဟာ ၁၉၉၄ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး ယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်အစိုးရ သတင်းစာတွေကလည်း ငြိမ်းချမ်းရေးအဖွဲ့လို့သာ တောက်လျှောက် သုံးစွဲလာရာက ဒီကနေ့မှာ အခုလို ပြောင်းလဲ သုံးစွဲလိုက်တာ ဖြစ်ပါတယ်။
KIO အဖွဲ့ကို သောင်းကျန်းသူအဖွဲ့အဖြစ် စစ်အစိုးရက သတ်မှတ် ဖော်ပြလိုက်တာနဲ့ ပတ်သက်ပြီး KIO အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဆင်ဝါးကို ဆက်သွယ် မေးမြန်းရာမှာတော့ အခုလို ဖြေကြားပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ ကျွန်တော့အနေနဲ့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့အတွက်လည်း အရေးကြီးလို့ ကျွန်တော်တို့လည်း ဒီမှာ လူကြီးဆီမှာ တင်ပြထားတယ်လေ။ သတင်းစာမှာ ပါတယ်ဆိုတာပဲ ကြားရတော့ ကျွန်တော်တို့လည်း ဖြစ်စဉ် အတည်ပြုချက်တို့၊ နောက် ဒီလို အသုံးအနှုန်းနဲ့ ပတ်သက်တာတို့တော့ ကျွန်တော်တို့အထဲမှာ နည်းနည်း ဆွေးနွေးကြပြီးမှ လူကြီးဆီမှာ တင်ပြ ဆက်သွယ်ရယူပြီးမှပဲ ကျွန်တော် ပြန်ပြီးမှ ဖြေကြားလို့ ရမယ်။”
စစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ရှိတဲ့အထဲမှာ KIO အဖွဲ့ဟာ စစ်အင်အား ၈,၀၀၀ ကျော်ခန့်ရှိပြီး UWSA ဝ တပ်ဖွဲ့ပြီးရင် ဒုတိယ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ် ။
KIO အဖွဲ့ဟာ စစ်အစိုးရက လိုလားတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို ငြင်းဆန်ထားပြီး ၊ လာမဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ KIO အဖွဲ့ကို စစ်အစိုးရက သောင်းကျန်းသူအဖွဲ့အဖြစ် ၊ အခုလို သုံးနှုန်းလိုက်တာ ဖြစ်ပါတယ်။