ကမ္ဘာ့ကြက်ခြေနီအဖွဲ့တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတွေ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။

2010.12.21
red_cross_icrc_office_305_z.png အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ICRC ဖက်က မြန်မာနိုင်ငံမှာ သူတို့အဖွဲ့က လက်တလော လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းကိစ္စတွေနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ကူညီထောက်ပံ့နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

“ICRC နဲ့ အိမ်မှာ တွေ့ဆုံပါတယ်။ ဟို သူတို့ အဓိက ICRC က လုပ်နေတဲ့ ကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့တဲ့ ကိစ္စတွေ၊ နောက် နိုင်ငံရေး အကျဉ်းသားဖက်ကလည်း ဟို မလုံမလောက် ဖြစ်နေတဲ့ စရိတ်စကတွေပေါ့နော်၊ အကျဉ်းကျတွေကို အဝေးကို ပို့တော့ ခရီးစရိတ်တွေ ဟိုဒင်းဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ရန်ပုံငွေကိစ္စတွေ ဆွေးနွေးတယ်လို့ ကျွန်တော် အဲလို သိရပါတယ်။”

ဒီလို တွေ့ဆုံရာမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က မေတ္တာရပ်ခံခဲ့ကြောင်းလည်း သိရပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Mr. Sebastianus Sumarsono နဲ့ ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးမှာ သွားရောက် တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ NLD ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ ဒီ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဒါတွေကို ပြောဖြစ်ကြတယ်လို့ သိရပါတယ်။ သံရုံးမှာပါ။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးနဲ့အတူ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။