စစ်ပြေးဒုက္ခသည်များအတွက် ရိက္ခာ ကချင်ပြည်နယ် ကြက်ခြေနီ သွားပို့ပေး
2015.01.26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးကျေးရွာမှာ တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ ဒေသခံရွာသား ၂ဝဝဝ နီးပါးအတွက် အစားအသောက်နဲ့ ဆေးဝါးတွေကို ကချင်ပြည်နယ် ကြက်ခြေနီအသင်းက ဒီနေ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ငွေကျပ် သိန်း ၅ဝဝ နီးပါးဖိုး သွားရောက်လှူဒါန်းတာဖြစ်တယ်လို့ ပြည် နယ် ကြက်ခြေနီအသင်းရဲ့ တာဝန်ရှိသူ ဦးဂဲနက်(စ်) က ပြောပါတယ်။
"ကယ်ဆယ်ရေးနဲ့နေရာချထားရေးက တည့်ပေး လိုက်တဲ့ ခေါက်ဆွဲခြောက်ထုတ်ရယ်၊ အစိုးရကနေ ပြီးတော့မှ ထည့်ပေးလိုက်တဲ့ ဆန်အိတ် ၅ဝ ပါ ပါတယ်၊ ပေါင်းလိုက်ရင်တော့ သိန်း ၅ဝဝ လောက်တန်ပါတယ်၊ အိမ်ထောင်စုအလိုက်ကူညီဖို့ရှိပါတယ် အားလုံးကိုပါ၊ ကံဆီးမှာရှိတဲ့ ဒေသခံတွေဆီ တိုက်ရိုက်ရောက်အောင် ပို့ဖို့အတွက်တင်ပြပါတယ်၊ အစိုးရ ကိုလည်း ကျနော်တို့ကြက်ခြေနီကို ခွင့်ပြုပေးထားပါတယ်"
ဖားကန့်မြို့နယ် အောင်ဘာလေရွာအနီးမှာ ဒီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အစိုးရနဲ့ကေအိုင်အေ တပ်တွေ အကြား သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အောင်ဘာလေ၊ ကံဆီးခေါ၊ ဘော်ဇာဒီး၊ ငှက်ပျောတော စတဲ့ကျေး ရွာတွေက ဒေသခံတွေဟာ ကံဆီးကျေးရွာမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ မှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
ကံဆီးကျေးရွာမှာ ဒေသခံတွေကိုကူညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က ဆရာဦးယော်တိန့် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။