ကုလသမဂ္ဂ အစီရင်ခံစာ ရန်ကုန်မြို့မှ ရခိုင်များ ကန့်ကွက်
2013.12.01

မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ဆက်စပ်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန်ဆိုပြီး ပါရှိတဲ့ အချက်ကို ဒီနေ့ရန်ကုန်မြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီတစ်ချို့က ကန့်ကွက်ဟောပြောခဲ့ကြပါတယ်။
ရန်ကုန်မြို့ ဦးဝိစာရနဲ့ ရွှေဂုံတိုင်လမ်းဒေါင့်၊ ဘောလုံး ကွင်းနားမှာ ဒီနေ့ပြုလုပ်တဲ့ အဲဒီဟောပြောပွဲကို ရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီတစ်ချို့က လူပုဂ္ဂိုလ် ၅၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂရဲ့ အဲဒီလိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြ တာဖြစ်ပါတယ်။
ဒီနေ့ပွဲကို ဦးဆောင်ကျင်းပသူ ကိုဇေယျာဝင်းမြင့်က ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိဘူးလို့ ပြောပါတယ်။
ရခိုင်လူငယ်များအဖွဲ့ A.Y.O ကလည်း ဒီနေ့မှာ ကုလသမဂ္ဂရဲ့ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂဟာ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရဆိုတဲ့မူကို ချိုးဖေါက်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးမှအပ ဘယ်သူ့ကိုမှ တိုင်းရင်းသားလူမျိုးစုအဖြစ် သတ်မှတ်ခြင်းကို လက်ခံမှာမဟုတ်ကြောင်း အဲဒီကြေညာချက်မှာ ပါရှိပါတယ်။
လူမျိုးအတုကို လုပ်ကြံဖန်တီးပြောဆိုနေပြီး မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ဖျက်စီးရန် ကြိုးပမ်းနေတဲ့ မီဒီယာတစ်စု အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ဆန့်ကျင်ရှုံ့ချကြောင်း ရခိုင်လူငယ်များအဖွဲ့ ကြေညာချက်မှာ ပါရှိပါတယ်။