ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လေးသောင်းခွဲ ထွက်ပြေးနေရ
2024.05.24

Updated: 2:04 AM (05/26/2024)
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ လေးသောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရ အဲလိဇဘက် သရပ်ဆဲလ်က ဂျနီဗာမြို့မှာ သတင်းထောက်တွေကို မနေ့က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်အနီးဒေသတွေကို ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သတ်ဖြတ်မှု၊ နေအိမ်နဲ့ ဥစ္စာစည်းစိမ် မီးရှို့မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေတယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာကလည်း ဂြိုဟ်တုက ရတဲ့ ဓာတ်ပုံတွေ၊ အင်တာနက်ပေါ်ကရတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေအရ ဘူးသီးတောင်မြို့ဟာ တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရတာကို ပြသနေတယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေ ဘူးသီးတောင်မြို့ကနေ ဆုတ်ခွာသွားတဲ့နောက် နှစ်ရက်အကြာ မေလ ၁၇ရက်မှာ မီးလောင်ကျွမ်းမှုတွေ စတင်ခဲ့တာဖြစ်ပြီး၊ အခုအချိန်မှာ ရက္ခိုင့်တပ်တော် (AA) က အပြည့်အဝ ထိန်းချုပ်ထားကြောင်း၊ လက်ရှိအခြေအနေတွေအတွက် ဘယ်သူတာဝန်ရှိတယ်ဆိုတာကို ကုလသမဂ္ဂအနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေကြောင်းလည်း ဂျိမ်းစ် ရိုဒ်ဟေဗာ ပြောပါတယ်။
ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့သူ တစ်ဦးက ဘူးသီးတောင်မြို့ကနေ ထွက်ပြေးလာစဉ်မှာ အလောင်းတွေ ဒါဇင်နဲ့ ချီပြီး တွေ့ခဲ့ရတယ်လို့ ပြောဆိုထားပြီး၊ နောက်တစ်ဦးကတော့ ဘူးသီးတောင်မြို့ကနေ ထွက်ပြေးလာစဉ်မှာ မောင်တောမြို့ကိုသွားတဲ့လမ်းမှာ AA အဖွဲ့တွေက လမ်းပိတ်ထားတာ ကြုံတွေ့ခဲ့တဲ့အကြောင်း ပြောထားတယ်လို့ UN ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့ မီးလောင်ကျွမ်းမှုမတိုင်ခင် သီတင်းပတ်တွေမှာလည်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင်၊ စစ်တပ်နဲ့ AA တပ်ဖွဲ့ နှစ်ခုလုံးကနေ ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ဂျိမ်းစ် ရိုဒ်ဟေဗာက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ပစ်ခတ်မှု၊ ခေါင်းဖြတ်သတ်မှု၊ နေအိမ်မီးရှို့မှု စတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရသူတွေရဲ့ ရခိုင်ပြည်နယ်အရေး ပြောကြားချက်တွေအပေါ် ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ လုပ်ကြံဖန်တီးထားတဲ့သတင်းတွေကို အခြေခံထားတဲ့ တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်တွေသာဖြစ်ပြီး ဒီလိုပြောဆိုချက်တွေဟာ တရားမျှတမှု မရှိသလို ပြဿနာတွေကို ဖြေရှင်းရာမှာလည်း အထောက်အကူမဖြစ်နိုင်ဘူးလို့ RFA ကို မေလ ၂၅ရက်နေ့ညက စာနဲ့ပြန်လည်ဖြေဆိုပါတယ်။ မေ ၂၀ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာလည်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မြို့က နေအိမ် မီးရှို့ဖျက်ဆီးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်က စစ်သင်တန်းတွေပေးထားတဲ့ မွတ်ဆလင်တွေက ကျူးလွန်နေကြတာ ဖြစ်တယ်လို့လည်း AA က ထုတ်ပြန်ထားတာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ အရပ်သားအားလုံးကို တန်းတူအကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။
(မှတ်ချက်။ ။ ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၏ တုံ့ပြန်ဖြေဆိုချက်ကို ဖြည့်စွက်ဖော်ပြထားပါသည်။)