သန်းခေါင်စာရင်းမှာ ကုဒ်နံပါတ် ထည့်သွင်းရေး မောင်တော မှာ ဆွေးနွေး
2014.04.05

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သန်းခေါင် စာရင်းကောက်ခံရာမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့ သုံးနှုန်းစရာမလိုပဲ အခြားလူမျိုး ဆိုတဲ့ ကုဒ်နံပါတ် ၉၁၄ ကိုသာထည့်သွင်းပြီး ကောက်ခံနိုင်ဖို့ မနေ့က မောင်တောမြို့နယ်မှာ မွတ်စလင် ပြည်နယ်လွှတ်တော် အမတ်တွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
အဲ့ဒီ အပေါ် ပြည်နယ်အစိုးရ ဘက်က ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ခွင့်ပြုချက်ရပြီးမှသာ လက်ခံဆောင် ရွက်သွားမယ် ဆိုတဲ့ အကြောင်း ပြန်လည်ဆွေးနွေး ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည် နယ် ကျောက်ဖြူ၊ မြေပုံစတဲ့မြို့တွေမှာလည်း ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂလီလို့ ဖြည့်စွက်စရာမလိုပဲ ကုတ်နံ ပါတ်သာ ထည့်သွင်းရေးသားပြီး ကောက်ခံယူနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
သန်းခေါင်စာရင်းပုံစံရဲ့ အခြားလူမျိုးဆိုတဲ့နေရာမှာ ရိုဟင်ဂျာဆိုပြီး ဖြည့်စွက်လိုသူတွေကို ဖြည့်စွက်ခွင့် မပေးတဲ့အတွက် တစ်ချို့မြို့နယ်တွေမှာ မကောက်ယူပဲ ထားခဲ့ရတဲ့နေရာတွေ ရှိတယ်လို့ သိရပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုကို ချန်လှပ်ထားခဲ့ရတဲ့ မြို့တွေမှာ စစ်တွေ ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၁ဝ ခုလောက်အထိ ရှိနေတယ်လို့လည်း သိရှိရပါတယ်။
ရခိုင်ပြည်နယ်မှာ မနေ့ကအထိ အိမ်ထောင်စုပေါင်း သုံးသိန်းသုံးသောင်းကျော် နဲ့ လူဦးရေ တစ်သန်း ငါးသိန်း လောက် ကို ကောက် ခံပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။