ရခိုင်ပြည်နယ် ပဋိပက္ခ သေဆုံးသူ ၇၈ ယောက်ရှိကြောင်း အစိုးရဖော်ပြ

အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိကြောင်း ဖော်ပြထားပါတယ်။

2012.06.26
vitoria-noland-b305 အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။
US Department of State

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေ ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးကြဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုခဲ့ရာမှာ -

မိမိတို့ အနေနဲ့ နှစ်နိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ထားပါတယ်။ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းနေတာပါပဲ။ အခု အခါ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ဟာ မြန်မာအစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေပြီး ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် ထောက်ခံအားပေးပါတယ်။ အလားတူ ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့လည်း သွားရောက်တွေ့ဆုံ မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့တွေ့ ဆုံ ဆွေးနွေးကြမယ် ဆိုတာလည်း အင်မတန်ကောင်းပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြ ရတဲ့ ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF စတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ ပြင်ဆင်နေ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။