ဦးမင်းအောင်ကို ဝန်ကြီးတာဝန် ဆက်လက်ထမ်းဆောင်ဖို့ မသင့်ကြောင်း လွှတ်တော်ဆုံးဖြတ်
2018.01.02
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ဟာ လက်ရှိတာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
ပြည်နယ်လွှတ်တော်ဘက်က ပြည်နယ်အစိုးရအဖွဲ့ကို မေးခွန်းတွေ၊ အဆိုတွေ၊ ညှိနှိုင်းမှုတွေနဲ့ ထိန်းကျောင်းလို့ မရနိုင်တော့တာကြောင့် အခုလိုစွပ်စွဲပြစ်တင်ပြီး ထိန်းကျောင်းရတာလို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ပြောပါတယ်။
"တင်ပြရမယ့်ကိစ္စတွေကို ကျနော်တို့ မဖြစ်မနေ တင်ပြဖို့ တိုက်တွန်းလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေတာကို သိလျက်နဲ့၊ ပေးအပ်တဲ့ တာဝန်တစ်ခုကို မကျေပွန်ကြောင်းသိလျက်နဲ့ လွှတ်တော်က ထိန်းကျောင်းမှု မပြုနိုင်ဘူးဆိုလျှင် ဒီလွှတ်တော်ကြီးက အသုံးမကျတဲ့ လွှတ်တော်ဖြစ်သွားလိမ့်မယ်။ ကျနော်တို့ရဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဟာ အစိုးရအဖွဲ့ကို မထိန်းကျောင်းနိုင်တဲ့ လွှတ်တော် ဖြစ်သွားလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက မေးခွန်းတွေ၊ အဆိုတွေ၊ ညှိနှိုင်းမှုတွေနဲ့ ထိန်းကျောင်းလို့ မရနိုင်တဲ့အတွက် အခုလို စွပ်စွဲပြစ်တင်ခြင်းနဲ့ ထိန်းကျောင်းခဲ့ရတာဖြစ်ပါတယ်"
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ဟာ ဥပဒေအရပေးအပ်ထားတဲ့ တာဝန်တွေ ကို ကျေပွန်အောင် မထမ်းဆောင်တာကြောင့် တာဝန်ကနေရပ်စဲပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော် ဥက္ကဌထံ တိုင်ကြားခဲ့တာပါ။
အဲဒီကိစ္စအပေါ် ပြည်နယ်လွှတ်တော်ဥက္ကဌ က လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စုံစမ်းစစ်ဆေးစေခဲ့ပြီး ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။
ဒီနေ့လွှတ်တော်ကို တက်ရောက်လာတဲ့ မဲပေးခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးထဲက ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၈ မဲနဲ့ စွပ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
စွပ်စွဲပြစ်တင်ခံရတဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ကုတ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီနေ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြရ မှာဖြစ်ပြီး အတည်ပြုချက်ရလာခဲ့ရင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်နဲ့ NLD ပါတီ ပိုမိုအားကောင်း လာအောင် လုပ်ဆောင်သွားမယ်လို့ စွပ်စွဲခံရတဲ့ ပြည်နယ်ဝန်ကြီး ဦးမင်းအောင်က သတင်းထောက်တွေ ကိုပြောခဲ့ပါတယ်။