ရခိုင်စည်ပင်ဝန်ကြီးကို တာဝန်ကနေ ရပ်စဲ
2018.01.19

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပြဌာန်းချက်တွေအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးမင်းအောင်ကို တာဝန်ကနေ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဝန်ကြီးတာဝန်ကနေ ရပ်စဲခံရပေမဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ အသံကို ပိုကြားခွင့်ရမှာဖြစ်တယ်လို့ ဝန်ကြီးတာဝန်ကနေ ရပ်စဲခံရတဲ့ ဦးမင်းအောင် က ပြောပါတယ်။
"ကိုယ်စားလှယ်တစ်ယောက်ရဲ့ အားသာချက်ကတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ အများကြီး လုပ်ပေးလို့ရတာပေါ့နော်။ အများကြီးလုပ်ပေးလို့ရတယ်ဆိုတာကလေ လူတွေရဲ့အသံကို နီးနီးကပ်ကပ်အများကြီး ထိတွေ့ပြီးတော့လေ ပြည်သူတွေရဲ့ သဘောထားတွေကို ပိုပြီးတော့ အစိုးရဘက်ကသိအောင် တင်ပြနိုင်တာမျိုးတွေပေါ့နော်။ အစိုးရဘက်ကသိအောင် နီးနီးကပ်ကပ် လုပ်ပေးနိုင်မှာပေါ့နော်"
ဒါ့အပြင် ရခိုင်ပြည်နယ်လွှတ်တော်အတွင်းမှာလည်း ဥပဒေပြုရေးနဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ယောက်အနေနဲ့ ပိုပြီးအချိန်ပေး လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဟာ ဥပဒေအရ ပေးအပ်ထားတဲ့တာဝန်တွေ ကို ကျေပွန်အောင် မထမ်းနိုင်ဘူးဆိုပြီး တာဝန်ကနေ ရပ်စဲဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၇ ယောက်က နိုဝင်ဘာ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်ဥက္ကဌဆီကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၂ ရက်နေ့မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဦးမင်းအောင်ကို ဆက်လက် တာဝန်ထမ်းဆောင်ဖို့ မသင့်ဘူးဆိုပြီး မဲခွဲဆုံးဖြတ်ကြတာဖြစ်ပါတယ်။