ပြည်နယ်ဝန်ကြီးကို စွပ်စွဲပြစ်တင်တဲ့ကိစ္စ မဲခွဲဖို့ ရခိုင်လွှတ်တော် ကျင်းပမည်
2017.12.28

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်ကနေရပ်စဲပေးဖို့ စွပ်စွဲပြစ်တင် ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အဲဒီအရေးပေါ်အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်ချက်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ မဲခွဲဆုံးဖြတ်သွားမယ်လို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးဦးမြသန်း က ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းချက်အရ စွပ်စွဲချက်မှန် မမှန် အဲဒီဝန်ကြီးတာဝန် ဆက်လက်ပြီး ထမ်းရွက်သင့် မသင့်ကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးပုံ နှစ်ပုံ စုစုပေါင်းဦးရေ အနည်းဆုံး ၃၁ ယောက်ရဲ့ရရမယ် ဆိုပြီးတော့ ပြဌာန်းထားတဲ့အတွက်ကြောင့် လွှတ်တော်က ဆုံးဖြတ်ချက်ကို ယူရမှာဖြစ်တဲ့အတွက်ကြောင့် အရေးပေါ်အစည်းအဝေးခေါ်ရခြင်းဖြစ်ပါတယ်"
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဟာ ဥပဒေအရပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပြွန်အောင်မထမ်းဆောင်တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်တယ်ဆိုပြီး တာဝန်ကနေ ရပ်စဲပေးဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော် ဥက္ကဌထံ တိုင်ကြားခဲ့တာပါ။
ဒီကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပြည်နယ်ဝန်ကြီး ဦးမင်းအောင်ကို စုံစမ်းစစ်ဆေးခဲ့ပြီး လျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က လွှတ်တော်ဥက္ကဌထံ ပေးပို့ထားပါတယ်။
ဒီကိစ္စရပ်တွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှုရှိ၊ မရှိကို ပြည်နယ်အစိုးရ အဖွဲ့က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြထားပြီး အဆုံးအဖြတ်ရရှိတဲ့ အချိန်အထိ စောင့်ဆိုင်းပေးဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်လွှတ်တော် ဥက္ကဌထံ ဒီနေ့ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။
ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးဦးမြသန်းကတော့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ခေါ်ယူထားပြီးဖြစ်တာကြောင့် စောင့်ဆိုင်းဖို့မရှိတော့ဘူးလို့ ပြောပါတယ်။