ဘွဲ့ရ မသန်စွမ်းတွေကို အစိုးရဝန်ထမ်း ခန့်အပ်ပေးဖို့ ရခိုင်လွှတ်တော်မှာ အဆိုတင်
2016.12.26

နိုင်ငံတော်အစိုးရက ရွေးချယ်ခန့်အပ်ရတဲ့ ဝန်ထမ်းတွေနေရာမှာ ဘွဲ့ရထားတဲ့ မသန်စွမ်းတွေကိုလည်း သင့်တော်တဲ့နေရာတွေမှာ ထည့်သွင်းခန့်အပ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအဆိုကို ဂွမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း က အခုလို တင်သွင်းခဲ့ တာ ဖြစ်ပါတယ်။
"မသန်စွမ်းများအား သင့်လျော်သော ဝန်ထမ်းနေရာများတွင် ခန့်ထားရန် လိုအပ်ပါသည်၊ ဘွဲ့ရမသန်စွမ်းများ အား နိုင်ငံတော်အစိုးရမှ ရွေးချယ်ခန့်အပ်ပေးသော ဝန်ထမ်းနေရာများတွင် မသန်စွမ်းများနှင့် သင့်တော်သောနေ ရာများ ထည့်သွင်းစဉ်းစားခန့်အပ်ပေးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက် တွန်းကြောင်းအဆိုအား တင်သွင်းအပ်ပါသည်"
မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေဟာ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတာဟာ မသန်စွမ်းသူတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ချို့ယွင်းအားနည်းတာကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်း ဆိုင်ရာ အတားအဆီး၊ မသန်စွမ်းဖြစ်မှုအပေါ် အဆိုးမြင်သဘောထားဆိုင်ရာ အတားအဆီး၊ ဥပဒေမူဝါဒဆိုင်ရာ အတားအဆီးနဲ့ ဆက်သွယ်ရေးဆိုင်ရာ အတားအဆီးတွေကြောင့်ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း က တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးထားသလို ၂၀၁၅ ဇွန်လ ၅ ရက် နေ့မှာလည်း ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၃၀ နဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရဲ့ အခွင့်အရေးဥပဒေကို ပြဌာန်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်မယ့်သူမရှိတာကြောင့် လက်ခံဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။