ရခိုင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်သေခံချက်ပေးဖို့ ဖိတ်ခေါ်


2018.12.12
rakhine-investigation-commission-press-622.jpg နေပြည်တော် သင်္ဂဟဟိုတယ်မှာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ကိုယ်တိုင်ကြုံတွေ့ မြင်သိခံစားရသူတွေအနေနဲ့ သက်သေခံထွက်ဆိုပေးဖို့ ရခိုင်ပြည်နယ်အရေး “လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်” က ဖိတ်ခေါ်လိုက်ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိအဖွဲ့ဝင်ဖြစ်တဲ့ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ ကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နဲ့ နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ ကျူးလွန်ခံရသူတွေဟာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မျက်မြင်သက်သေတွေပါ ခိုင်မာတဲ့ အချက်အလက်တွေနဲ့သက်သေခံနိုင် တယ်လို့ ဒီကနေ့ ဖိတ်ခေါ်လိုက်တာပါ။

သက်သေခံလိုသူတွေဟာ ဒီကနေ့ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထားပြီး အီးမေးလ်၊ ကော်မရှင်ရုံးလိပ်စာတွေကို ပေးပို့နိုင်ပြီး ကော်မရှင်က လိုအပ်ရင်ခေါ်ယူစစ်ဆေးကာ အချက်အလက်တွေကို လျှို့ဝှက်ထားပေးမယ်လို့လည်း ပြောပါတယ်။

သက်သေခံတင်သွင်းလွှာတွေကို မြန်မာ၊ အင်္ဂလိပ်၊ ရခိုင်၊ ဘင်္ဂလီ ဘာသာစကားတွေနဲ့ တင်သွင်းနိုင်တယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပြီး  သူတို့ရဲ့ လုံခြုံရေးကို အာမခံတယ်လို့ ပြောပါတယ်။

အဲဒီကော်မရှင်ဟာ ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖံ့ွဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့အတွက် ဇူလိုင်လ ၃၀ ရက်နေ့က သမ္မတကိုယ်တိုင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။