စုံစမ်းရေးကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့ ဖွဲ့စည်းပေးဖို့ အဆို ရှုံးနိမ့်
2018.06.11
ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းမယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့သာ ဖွဲ့စည်းနိုင်ရေး စဉ်းစားဆုံးဖြတ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ များတဲ့အတွက် အဆို ရှုံးနိမ့်သွားပါတယ်။
အဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး က တင်သွင်းတာဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ် ၆ ဦး အပါအဝင် ကိုယ်စားလှယ် ၂၁ ဦးက ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။ ကိုယ်စားလှယ် ၂၁ ဦး ဆွေးနွေးအပြီးမှာ နိုင်ငံတော် အတိုင်ပင်ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ရှင်းလင်း ဖြေကြားပြီး အဆိုကို အတည်ပြုမပေးဖို့ ဆွေးနွေးပါတယ်။
"မြန်မာနိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီကနေတဆင့် ICC ကို စုံစမ်းစစ်ဆေးမှုတွေ ဖြစ်ပေါ်မလာအောင် မိမိနိုင်ငံရဲ့ အချုပ်ခြာအာဏာနဲ့ နယ်မြေတည်တန့်ခိုင်မြဲမှု မထိပါးစေအောင် အလေးအနက်ထား စဉ်းစား သုံးသပ်ခဲ့ရပါတယ်၊ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံရဲ့ အချုပ်ခြာအာဏာပိုင်မှု ဂုဏ်သိက္ခာကို အခြေခံပြီးတော့ လက်မခံခဲ့ခြင်းဖြစ်ပါတယ်၊ တဘက်မှာလည်း မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်လာရင် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့မူဝါဒနဲ့အညီ တာဝန်သိ တာဝန်ကျေပြွန်တဲ့ နိုင်ငံတကာမိသားစုဝင်နိုင်ငံဖြစ်ကြောင်း ပြသနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက အစပြုဆောင်ရွက်တဲ့ ရိုးသားဆောင်ရွက်ချက်တရပ်အနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်"
အဆိုကို ထောက်ခံတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ကော်မရှင်မှာ နိုင်ငံခြားသား ပါဝင်တာကြောင့် အချုပ်အခြာအာဏာ ထိခိုက်မှာစိုးရိမ်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ကန့်ကွက်ဆွေးနွေးတဲ့ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေ ကတော့ နိုင်ငံတကာရဲ့ ယုံကြည်မှုအတွက် ပြည်ပကျွမ်းကျင်ပညာရှင်ကို ထည့်သွင်းစေချင်တာဖြစ်တယ်လို့ ဆွေးနွေးကြပါတယ်။
အဆိုတင်သွင်းတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး က အစိုးရဖွဲ့စည်းမယ့် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ နိုင်ငံခြားသား ပါဝင်မှာနဲ့ ARSA အဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးမယ်ဆိုတဲ့ အခြေအနေကို ကန့်ကွက်တာဖြစ်ကြောင်းနဲ့ အဆိုကို အတည်ပြုပေးဖို့ တင်ပြခဲ့ပါတယ်။
အဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၂၅၁ မဲ ရှိတဲ့အတွက် အဆိုကို လွှတ်တော်က အတည်မပြုဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။