ရခိုင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြဖို့ ကော်မရှင်ထုတ်ပြန်


2019.01.03
rakhine-investigation-commission-press-622.jpg နေပြည်တော် သင်္ဂဟဟိုတယ်မှာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးမှုတွေနဲ့ ပတ်သက်တဲ့ သက်သေခံချက်တွေ၊ မှတ်တမ်းဓာတ်ပုံ၊ အထောက် အထားတွေ၊ အသံဖိုင်တွေ၊ ရုပ်မြင်သံကြားဖိုင်တွေကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တင်သွင်းပေးကြဖို့ ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အချက်လက်တွေကို ရှာဖွေနေတာဖြစ်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူ့အခွင့်အရေးကို ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကပဲ ချိုးဖောက်တာဖြစ်ပါစေ သတင်းပို့လို့ရပြီး သတင်းပို့သူရဲ့ အချက်လက်ခိုင်မာမှု ရှိ မရှိကိုလည်း စစ်ဆေးသွားမှာဖြစ်တယ်လို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က RFA ကို ပြောပါတယ်။

အဲဒီ သက်သေအထောက်ထားတွေကိုလည်း တစ်ယောက်ချင်းဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ဖြစ်ဖြစ် ဇန်နဝါရီ ၃၁ နောက်ဆုံးထားပြီး တင်ပြကြဖို့၊ တကယ်လို့ လူကိုယ်တိုင် သက်သေထွက်ဆိုမယ်ဆိုရင် ကြိုတင်အကြောင်းကြား ရမှာဖြစ်ပြီး ကော်မရှင်နဲ့ သက်သေထွက်ဆိုမယ့်သူကြား နှစ်ဦး နှစ်ဖက် အဆင်ပြေမယ့် အချိန်နဲ့ နေရာကို စီစဉ်ပေးမှာဖြစ်တယ်လို့လည်း ကော်မရှင်ခေါင်းဆောင် ရိုဆာရီယို မယ်နာလို က ပြောကြားထားပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်စေ ဖို့ ဆောင်ရွက်ရမယ့် အကြံပြုချက်တွေကို တင်ပြတာ၊ တာဝန်ရှိမှုကို ဖော်ထုတ်တာတွေကိုလည်း ဆောင်ရွက်သွား မှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့ထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။