လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် မောင်တောကို သွားရောက်လေ့လာ
2018.08.31

ရခိုင်ပြည်နယ်အရေးအတွက် အစိုးရကဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ မောင်တောမြို့နယ်ကို ပထမဆုံးခရီးစဉ်အဖြစ် ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
ဟိန္ဒူဘာသာဝင်တချို့နဲ့ မောင်တောမြို့ပေါ်မှာ တွေ့ဆုံပြီး ရဲဘော်ကျကျေးရွာမှာ ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကော်မရှင်တာဝန်ရှိသူတွေက မေးမြန်းခဲ့တယ်လို့ ဟိန္ဒူလူမှုကူညီရေးအသင်း ခေါင်းဆောင် ဦးနီမော်က ပြောပါတယ်။
"သူတို့ကို အကြမ်းဖက်တွေက ဘယ်လိုခေါ်ယူသွားလဲ၊ အဲဒီဘက်က ဘယ်လိုပြန်လာလို့ရလဲ အဲဒီဟာတွေကိုပဲ မေးခဲ့ပါတယ်။ သူတို့ဆွေမျိုးတွေ ဘယ်လိုသတ်ဖြတ်ခံရလဲ ဘာညာပေါ့။ ဖြစ်စဉ်အမှန်တွေကို တင်ပြခဲ့ပါတယ်"
ဟိန္ဒူဘာသာဝင်တွေဘက်ကတင်ပြချက်အပေါ် ကော်မရှင်က ဝမ်းနည်းကြောင်းပြောဆိုခဲ့ပြီး တခြားတစုံတရာပြောဆိုခဲ့တာမရှိဘူးလို့ ဦးနီမော်က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၃ ဦးနဲ့အတူ နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက်နေ့က ဖွဲ့စည်းပေးခဲ့တာပါ။
ကော်မရှင်ရဲ့ မောင်တောခရီးစဉ်အတွင်း ငခူရ၊ ရွှေဇား၊ ပန်းတောပြင်၊ အောင်ဗလ စတဲ့ကျေးရွာတွေက ဒေသခံတိုင်းရင်းသားတွေ၊ မွတ်စလင်တွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ ညနေပိုင်းမှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။
ကော်မရှင်ရဲ့မောင်တောခရီးစဉ်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေလည်း အတူလိုက်ပါခဲ့ကြပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်တွေအပြင်၊ ဆက်နွယ်နေတဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မရုံးက ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်က ကော်မရှင်အဖွဲ့ စစ်တွေလေဆိပ်ကို ရောက်ရှိလာချိန်မှာ အစိုးရက လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထားပြီး သတင်းထောက်တွေက ကော်မရှင်နဲ့ပတ်သက်တဲ့ မေးမြန်းမှုတွေကို ပြည်နယ်အစိုးရ တာဝန်ရှိတွေက တစ်စုံတရာ တုံ့ပြန်ဖြေကြားဖို့ ငြင်းဆန်ကြပါတယ်။
ကော်မရှင်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အလားတူ ကော်မရှင်ဟာ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံခဲ့ပြီး ကော်မရှင်စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။