လွတ်လပ်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် နှစ်ရက်ကြာဆွေးနွေး


2019.05.04
icoe-meeting-622.jpg ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင်အဖွဲ့နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံစဉ်
Photo: Independent Commission Of Enquiry_ICOE_myanmar

နိုင်ငံတော် သမ္မတ ဦးဝင်မြင့် ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ICOE ဟာ ကော်မရှင်ရဲ့ ၈ ကြိမ်မြောက် အစည်းအဝေးကို မေလ ၃ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်စဉ်တွေကို စိစစ်အတည်ပြုဖို့ တပ်မတော်က မတ်လ ၁၈ ရက်နေ့က ခုံရုံး ဖွဲ့စည်းလိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကြိုဆိုပါကြောင်း ကော်မရှင်က ပြောကြားခဲ့ပြီး ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ကော်မရှင်ဖွဲ့စည်းတဲ့အခြေအနေအထိ ရောက်ရှိလာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံတကာဖိအားပေးမှုတွေကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လု့ိ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော်မရှင်က တင်ပြတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တင်ပြချက်တွေကို တပ်မတော်က ပွင့်ပွင့်လင်းလင်းနဲ့  ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့တာကိုလည်း လေးစားတန်ဖိုးထားကြောင်း၊ ဒ့ါအပြင် တပ်မတော်ခုံရုံးက တွေ့ရှိချက်တွေနဲ့ စစ်ဆေးချက်တွေရရှိရင်လည်း ကော်မရှင်နဲ့ မျှဝေဖို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကိုလည်း လေးစားကြောင်း ကော်မရှင်က ပြောပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ အချက်အလက်နဲ့ အထောက်အထား စုဆောင်းရုံသာဖြစ်ပြီး တွေ့ရှိချက်တွေကို သမ္မတထံ တင်ပြရမယ့် တာဝန်ရှိကြောင်း၊ ပဏာမ အစီအရင်ခံစာကို လောလောဆယ် ရေးသားနေကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောကြားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။