လူမျိုးတုံးသတ်ဖြတ်မှု မတွေ့ကြောင်း ICOE ကော်မရှင်ပြော
2020.01.20

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ICOE ရဲ့ အပြီးသတ် အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းရှင်းလင်းရေး စစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားပေမယ့် ရည်ရွယ်ချက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး မတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ရခိုင်ပြည်နယ်ဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အပြီးသတ်အစီရင်ခံစာကို ကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ မနက်ပိုင်းက ပေးအပ်လိုက်ပါတယ်။
အစီရင်ခံစာအတွက် မတူညီတဲ့ လူမှုအသိုင်းဝိုင်းတွေဖြစ်တဲ့ ရခိုင်၊ မွတ်စလင်၊ မြို၊ သက်၊ ဒိုင်းနက် အစရှိတဲ့ တိုင်းရင်းသားတွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ထဲကလူတွေ စုစုပေါင်း ၁၅၀၀ ဝန်းကျင် အင်တာဗျူးပြီး အခြေခံထားတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလ ၂၃ ရက်မှာပဲ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အပေါ် အပြည်ပြည်ဆိုင်ရာခုံရုံး အိုင်စီဂျေက ကြားဖြတ်အရေးပေါ်စီမံမှုအတွက် ဆုံးဖြတ်ချက်ချဖို့လည်းရှိတဲ့အတွက် ဒီအပြီးသတ် အစီရင်ခံစာကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံအစိုးရရဲ့ သဘောထားကို ဖော်ပြထားတယ်လို့ ထင်မြင်ကြောင်းနဲ့ အိုင်စီဂျေမှာ ၂၃ ရက်နေ့ ဆုံးဖြတ်ချက်ချမယ့် အချိန်ကိုက် ဒီအစီရင်ခံစာကို ထုတ်ပြန် ဆောင်ရွက်တယ်လို့ သုံးသပ်ကြောင်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှု ကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံ ထွက်လာတဲ့အခါ အဲဒီအထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူတွေစာရင်းမှာ တပ်မတော်သားတွေပါဝင်ရင် အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ဘက်ကလည်း ပြောဆိုထားပါတယ်။
အခုထွက်လာတဲ့ အစီရင်ခံစာအပေါ် တပ်မတော်ဘက်က သဘောထားကို မေးမြန်းရာမှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကော်မရှင်ရဲ့ အစီရင်ခံစာကို အသေးစိတ်မဖတ်ရသေးတဲ့အတွက် ဒီအပေါ်မှာ မှတ်ချက်မပေးလိုကြောင်းနဲ့ တပ်မတော်အနေနဲ့ အရင်ပြောထားတဲ့အတိုင်းသာ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒီအစီရင်ခံစာအရ ရခိုင်အရေးနဲ့ပတ်သက်ပြီး သက်သေထင်ရှားတဲ့ ချိုးဖောက်မှုတွေ တွေ့ခဲ့ရင် ဥပဒေကြောင်းအရ လိုအပ်သလို အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း မြန်မာအစိုးရက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ဖော်ပြောကြားထားပါတယ်။
မကြာသေးခင်က အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လျှောက်လဲစဉ်က စစ်ဆေးကြားနာနေဆဲ ဘူးသီးတောင်မြို့နယ် ဂူတာပြင် စစ်ခုံရုံး တရားစီရင်နေမှုကို ပြီးပြတ်အောင် စီရင်တာကို စောင့်ကြည့်ဖို့လိုကြောင်း၊ ICOE ကော်မရှင်ရဲ့ နောက်ဆုံးအစီအရင်ခံစာ ထွက်လာပြီဆိုရင်လည်း နောက်ထပ် စစ်ခုံရုံး တရားစီရင်မှုတွေ ရှိလာဦးမယ်လို့လည်း ယုံကြည်ပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒီအစီရင်ခံစာအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Fortify Right က ကိုနစ်ကီဒိုင်းမွန်းကတော့ အခုလို သုံးသပ်ပါတယ်။
ICOE ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ရဲ့ သက်တမ်းက တစ်နှစ်ဖြစ်ပေမယ့်လည်း နိုင်ငံတော် သမ္မတရုံးက ကော်မရှင်ကို နောက်ထပ် သက်တမ်း ခြောက်လတိုးမြှင့်ထားပါတယ်။ ဒီလကုန်မှာ ကော်မရှင်ရဲ့ သက်တမ်းက ကုန်ဆုံးမှာဖြစ်ပါတယ်။
ဒီကော်မရှင်အဖွဲ့ကို ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ရိုဆာရီယိုမယ်နာလိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဂျပန်သံအမတ်ကြီးဟောင်း မစ္စတာကိုဇိုအိုရှီးမား နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ဒေါက်တာ အောင်ထွန်းသက်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြပါတယ်။