လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဆပ်ကော်မတီ ထူထောင်
2018.10.08
ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ဆပ်ကော်မတီတစ်ခု ထူထောင်ပြီး ကနဦးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလို့ ဒီနေ့ အစိုးရသတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ရန်ကုန်နဲ့ နေပြည်တော်မှာ အစည်းအဝေးတွေ ကျင်းပခဲ့ပြီးနောက် အခုလို သတင်းထုတ်ပြန်လိုက်တာပါ။
ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်ခဲ့တဲ့ မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ အကြံပေးအဖွဲ့၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင်တချို့နဲ့လည်း အဲဒီရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေ၊ အဲဒီစွပ်စွဲချက်တွေနဲ့ ဆက်စပ်နေတဲ့ကိစ္စတွေအပေါ် စုံစမ်းစစ်ဆေးဖို့ သဘောတူညီချက်တချို့ ရရှိခဲ့ကြောင်း နဲ့ စုံစမ်းစစ်ဆေးသင့်တဲ့ ကိစ္စတွေ အချက်ကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဘယ်လိုအချက်တွေကို ဆွေးနွေးသဘောတူနိုင်ခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းသက် ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ ကော်မရှင်ရဲ့ နောက်တစ်ကြိမ်အစည်းအဝေးကို ဒီဇင်ဘာလမှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။