ရခိုင်မြောက်ပိုင်းလူ့အခွင့်ရေးချိုးဖောက်မှု သုံးကြိမ်မြောက် စစ်တရားရုံးတင်မည်
2020.02.21
ရခိုင်မြောက်ပိုင်းက မောင်နုနဲ့ ချွတ်ပြင် ရိုဟင်ဂျာရွာသားတွေအပေါ် တပ်မတော်သားတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်တရားရုံးတင်ပြီး အရေးယူမယ်လို့ တပ်မတော်က ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနေ့တုန်းက ထုတ်ပြန်ပါတယ်။
ဒါဟာ တပ်က သုံးကြိမ်မြောက် ထုတ်ပြန်တာပါ။ စစ်တရားရုံးတင်ပြီး တပ်မတော်သားတချို့ကို အရေးယူခဲ့တာ ၂၀၁၉ တုန်းက အင်းဒင်ရွာဖြစ်ပြီး၊ လက်ရှိကြားနာနေတဲ့ ဂူတာပြင်အမှုလည်း ရှိပါတယ်။ တပ်က အခုထုတ်ပြန် တဲ့ကိစ္စဟာ FFM ရီပို့နဲ့ တခြား လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ပါပြီးသားအချက်တွေဖြစ်တယ်လို့ Amnesty International အဖွဲ့က Laura Haigh က ပြောပါတယ်။
“တကယ်တော့ ကျမတို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI)၊ ကုလကသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (FFM) အစရှိတဲ့ အစီရင်ခံစာတွေထဲမှာ ဖော်ပြထားတဲ့ ရာဇဝတ်မှုတွေကို ဝန်ခံလိုက်တဲ့သဘော ပါပဲ။ တပ်မတော်နဲ့ အစိုးရဘက်က အကြိမ်ကြိမ် ငြင်းဆိုထားတဲ့ အကြောင်းအရာတွေလည်းဖြစ်တယ်။ ဒါကြောင့် ကျမတို့ မေးချင်တာက ဘာလို့အခုချိန်ကျတော့မှ ဝန်ခံရတာလဲ။”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီလိုဖြစ်စဉ်တွေကို စစ်ဆေးတာဟာ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေဆိုတာထက် တပ်မတော်က တာဝန်ယူမှု တာဝန်ခံမှုအတွက် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။
တပ်မတော်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို သုံးနှစ်လုံး အစိုးရက ဆက်တိုက်ငြင်းဆိုလာတာက အဲဒီကာလတုန်းက အချက်အလက်မရသေးလို့ ငြင်းခဲ့တာလို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
နောက်ကျပြီးတော့မှ ဝန်ခံရတဲ့အကြောင်းက အစိုးရဟာ အစိုးရဖြစ်ပေမယ့် အချက်အလက် အပြည့်အဝမရတာလို့ ဒေါက်တာ မျိုးညွန့်က ကာကွယ်ပြောဆိုပါတယ်။
၂၀၁၇ သြဂုတ်လတုန်းက တပ်မတော်သားတွေ ရွာထဲဝင်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်တာ အဖြစ်မှန်ပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ ရွာသားတစ်ဦးက ပြောပါတယ်။
“တပ်မတော်က ရွာကိုဝိုင်းပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြပါတယ်။”
တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာဟာ လူ့အသိုင်းအဝိုင်းတစ်ခုတည်း တင်မဟုတ်ဘဲ၊ တခြားတိုင်းရင်းသားဒေသတွေမှာလည်း ကျူးလွန်နေတာဖြစ်လို့ ကိုယ့်တရားကိုယ်စီရင်တဲ့ စနစ်က တရားမျှတမှု ရှိနိုင်မှာမဟုတ်ဘူးလို့လည်း Laura Haigh က ပြောပါတယ်။
“တပ်မတော်ရဲ့ တရားစီရင်ရေးစနစ်နဲ့ တရားမျှတမှု ဆောင်ယူပေးမယ်ဆိုတဲ့အချက်ကို ဘယ်လိုယုံကြည်ရမလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။ အထူးသဖြင့် ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေက တပ်ရဲ့ ဖွဲ့စည်းမှုအရ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ကျမတို့ပြောနေတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောနေတာဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ တရားစီရင်ရေးက ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးတစ်ယောက်ချင်းစီကို စွဲဆိုနိုင်မှာမဟုတ်သလို၊ တရားမျှတမှုလည်း ဆောင်ယူပေး နိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်က အတော်လေးကို ရှင်းနေပါတယ်။ ထိပ်တန်းအရာရှိတွေ တရားစွဲခံရတာမျိုး လည်း ကျမတို့ မတွေ့ရသေးပါဘူး။”
NLD ပါတီနဲ့အစိုးရကလည်း ရခိုင်မှာဖြစ်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို နောက်ကျပြီးမှ ဝန်ခံတဲ့ကိစ္စကို နောင်တရ၊ မရ မေးတဲ့အခါ ဒေါက်တာ မျိုးညွန့်က ယတိဖြေဆိုခြင်းတော့မရှိပါဘူး။
ရခိုင်မြောက်ပိုင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ အများအပြား အသတ်ခံရတဲ့ရွာတွေထဲမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက တူလာတိုလီ ခေါ် မင်းကြီးရွာ၊ ကိုးတန်ကောက်၊ ကျောက်ပန်းတူ၊ မြင်းလွတ်၊ အလယ်သန်ကျော်ရွာတို့လည်း ပါဝင်ပါတယ်။
ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး အနည်းဆုံး လူတစ်သောင်းခန့် သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။