ခင်ဦးမြို့နယ်မှာ ဒေသခံ သုံးဦး အသတ်ခံရပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ

RFA Burmese
2024.02.01
ခင်ဦးမြို့နယ်မှာ ဒေသခံ သုံးဦး အသတ်ခံရပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃၁ ရက် နေ့ကစလို့ ဝင်ရောက်စီးနင်းနေပြီး ဖေဖော်ဝါရီလ ၁ ရက် မနက်မှာတော့ သရက်ကုန်းနဲ့ ကင်းပြစ်ကျေးရွာက ဒေသခံ သုံးဦး အသတ်ခံရကာ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ရေဦးမြို့နယ်ကနေ ထွက်လာတဲ့ အင်အား ၈၀ ကျော်ပါရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး ပုန်းရှောင်နေတဲ့ အရပ်သားသုံးဦးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရသူတွေဟာ သရက်ကုန်းရွာက အသက် ၃၁ နှစ်အရွယ် ကိုရဲအောင်၊ အသက် ၅၁ နှစ်အရွယ် ဦးသန်းထွန်းနဲ့ ကင်းပြစ်ရွာသား အသက် ၄၂ နှစ်အရွယ် ဦးသန်းလွင်ကြီးတို့ဖြစ်ပြီး သူတို့ကို ဖမ်းဆီးသွားပြီး နောက် ကလုံကျေးရွာအနီးမှာ သတ်ဖြတ်ခဲ့တာလို့ အလင်းရောင် ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအလင်းရောင်က ပြောပါတယ်။

"စစ်ကြောင်းက သရက်ကုန်းရွာကိုဝင်တော့ ညက ကြွက်ထိုးပြီးပြန်လာလို့ အိမ်မှာအိပ်ပျော်နေတဲ့ ကိုရဲအောင် ကို ဖမ်းခေါ်သွားတာ။ ဟိုလူကြီးနှစ်ယောက်ကကျတော့ တောထဲမှာ တိမ်းရှောင်ရင်းနဲ့ ဖမ်းမိသွားတာထင်တယ်။ အခုက အဖမ်းဆီးခံပြည်သူက ခန့်မှန်းလို့ မရသေးဘူးဖြစ်နေတယ်။ ပျောက်နေတဲ့ ပြည်သူက တော်တော် များနေတယ်။ တခြားရွာတွေမှာရှိနေတာလားဆိုတာ လိုက်ချိတ်တုန်း ရှိသေးတယ်။ ခန့်မှန်းခြေ ၁၅ ယောက် လောက် ရှိမယ်။ ဒါပေမဲ့ အဲဒီထက်လည်း ပိုများနိုင်တယ်"

ဖမ်းဆီးခံထားရသူတွေဟာ လက်ရှိအချိန်ထိ စစ်ကြောင်းရှိနေတဲ့ သာဝတ္ထိရွာမှာရှိနေပြီး ဒီနေ့ ညနေပိုင်းအထိ ပြန်လွတ်မလာသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ကလုံရွာက နေအိမ် ၁၄ လုံးနဲ့ သာဝတ္ထိရွာက နေအိမ် ၆၀ ကျော် မီးရှို့ခံထားရတယ်လို့လည်း သူက ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ ၁၅ ရွာလောက်က ဒေသခံ တစ်သောင်းကျော်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ခင်ဦးမြို့နယ် စစ်ဘေးဒုက္ခသည်အရေး ကူညီသူတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က မနက်ပိုင်းကတည်းက စပြီးတော့ထိုးတယ်။ နေ့လယ်ပိုင်းမှာ ပျဥ်ထောင် ပျူရွာထဲကို လက်နက်ပစ္စည်း ရိက္ခာတွေကို လာပို့တာပေါ့။ ဒီနေ့မနက်မှာ ပျဥ်ထောင် ပျူရွာရဲ့ အရှေ့မြောက် ကလုံကျေးရွာထဲကိုဝင်တယ်။ ဝင်ပြီးတော့ လက်နက်ကြီး ငယ်တွေနဲ့ပစ်တယ်။ အဲဒါပြီး သာဝတ္ထိကို ဝင်တာပေါ့။ အဓိကကတော့ ပျူရွာတွေကို လက်နက်ရိက္ခာတွေ ပို့ရင်းနဲ့ ဘေးရွာတွေကို လှည့်ပတ်ထိုးနေတာ။ အိမ်တွေ တိုက်တွေကတော့ ဖျက်ဆီးတာမျိုး ရှိတယ်။ လက်နက်ကြီးကျလို့ပြေးတဲ့ ရွာတွေလည်းရှိတယ်။ အားလုံးဆို တစ်သောင်းငါးထောင်လောက်ရှိမယ်"

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေအပေါ် ထိခိုက်အောင် လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့ရ တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သေဆုံးခဲ့ရသူ ၄၄၇၄ ဦး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။