ရခိုင် ဘုရားဖူးကား တိမ်းမှောက် နှစ်ဦးသေ၊ ၅ဝ ကျော် ဒဏ်ရာရ
2016.04.15

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာနားမှာ ရေနံတောင်ကျေးရွာဘက်ကနေ ရမ်းဗြဲမြို့ဘက်ကို ဘုရားဖူးထွက်လာတဲ့ ကားတစ်စီး ဒီနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လူပေါင်း ၅ဝ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
အဲ့ဒီကားက လမ်းကွေ့တစ်ခုအရောက်မှာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့မ ရဲစခန်းက အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ကျောက်ဖြူနဲ့ ၁၄ မိုင်လောက်ကွာတဲ့ မင်းပြင်ရွာမှာပေါ့နော် ရေနံတောက်ကနေပြီးတော့ မင်းပြင်ရွာကို မောင်းနှင်လာတဲ့ပေါ့၊ မင်းပြင်ရွာထဲကိုအဝင်မှာ မိုင်တိုင်အမှတ် ၁၆၉ မှာပေါ့ လမ်းအကွေ့မှာ အရှိန်များပြီးတော့ အရှိန်မထိန်းနိုင်ဘဲနဲ့ ဘရိတ်အုတ်လိုက်တဲ့အခါမှာ မှောက်တယ်ပေါ့နော်၊ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့လူက ၅၃ ဦးက ဒဏ်ရာရတယ်၊ ၂ ဦးကတော့ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးကတော့ သေဆုံးသွားတယ်"
ယာဉ်ပေါ်မှာလိုက်ပါလာသူတွေဟာ စစ်တောကျေးရွာအုပ်စု စည်မော်နဲ့ ကျွဲတဲကျေးရွာတွေက အများဆုံးဖြစ် ပြီး သေဆုံးသူတွေကတော့ စည်မော်ရွာနဲ့ ကပိုင်ချောင်း ပန်းတောပြင်ကျေးရွာက ဖြစ်တယ်လို့ အဲ့ဒီရဲအရာရှိက ပြောပါတယ်။
ဒဏ်ရာရရှိသူ ၅ဝ ကျော်အနက် ၃၅ ဦးကတော့ ကျောက်ဖြူဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပြီး ကားပေါ်မှာ ကလေး ၆ ဦး ပါဝင်တယ်လို့လည်း ပြောပါတယ်။
ကလေးငယ်တစ်ဦးနဲ့ လူကြီး ၇ ဦးတို့ ဒဏ်ရာတွေပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိတယ် လို့ ကျောက်ဖြူ မြို့ခံတွေက ပြောပါတယ်။
ယာဉ်မောင်းကို ကျောက်ဖြူမြို့မရဲစခန်းက အခင်းဖြစ်စဉ်ကတည်းက ဖမ်းဆီးထားကာ အမှုဖွင့်အရေး ယူဆောင်ရွက်ထားပါတယ်။