မင်္ဂလာဒုံမှာ ဓာတ်ကြိုးပြတ်ကျလို့ ကလေးတစ်ဦး အပါအဝင် သုံးဦး ဓာတ်လိုက်သေဆုံး
2024.06.17

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရပ်ကွက်မှာ ဇန်နဝါရီလ ၁၇ ရက် ဒီနေ့မနက်က လျှပ်စစ်ဓာတ်ကြိုးပြတ်ကျလို့ ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မင်္ဂလာဒုံအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် လေးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို မြောက်ဥက္ကလာမြို့နယ်က မေဒါဝီဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။
“ဖြစ်စဉ်က ဖောကားပေါ်က ပစ္စည်းတွေကို ထော်လဂျီပေါ်ကို ပြောင်းတင်နေတုန်း ဓာတ်ကြိုးကပြတ်ကျတော့ အဲဒီမှာရှိနေတဲ့ ကလေးတစ်ယောက် အပါအဝင် သုံးယောက်လုံး ဓာတ်လိုက်ကုန်တာ။ ကားပါ မီးထလောင်ကုန်တယ်။ အခု မြောက်ဥက္ကလာ မေဒါဝီဆေးရုံကို အလောင်းတွေ ပို့လိုက်ပါပြီ”
မြို့နယ်လျှပ်စစ်ရုံးကို လျှပ်စစ်မီးခေတ္တ ဖြတ်တောက်ပေးဖို့ အကြောင်းကြားတာရတာနဲ့၊ အချိန်ကြန့်ကြာမှုတွေကြောင့် သေဆုံးသူတွေကို အချိန်မီ မကယ်တင်လိုက်နိုင်တာလို့ သူက ဆိုပါတယ်။
မတော်တဆမှုဖြစ်ပွားတဲ့ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရပ်ကွက် ပတ္တမြားလမ်းမကြီးက စက္ကူစက်ရုံဘေး နေရာကွက်လပ်ဟာ ကားရပ်ဖို့ နေရာအကျယ်အဝန်း ကောင်းတာကြောင့် ကားကြီးတွေ မကြာခဏလာရပ်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၆ ရက် မနေ့ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၅ ရပ်ကွက်က ဆိုလာပစ္စည်းအရောင်းဆိုင်မှာ ဘက်ထရီတွေကို အားသွင်းရာကနေ အပူလွန်ကဲပြီး ဆိုင်ခန်းမီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။