တန်ဆောင်မုန်း လပြည့်ည ပံ့သကူကောက်ရာမှ အမျိုးသမီး တစ်ဦး ကားတိုက်သေဆုံး

RFA Burmese
2024.11.16
တန်ဆောင်မုန်း လပြည့်ည ပံ့သကူကောက်ရာမှ အမျိုးသမီး တစ်ဦး ကားတိုက်သေဆုံး တန်ဆောင်မုန်း လပြည့်ည ပံ့သကူကောက်ရာမှ ကားတိုက်ခံရမှုကြောင့် ယာဉ်တိုက်ခံရသည့် လူနာအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ဆေးရုံသို့ ပို့ဆောင်စဉ်။
Citizen Photo

ရန်ကုန်မြို့မှာ တန်ဆောင်မုန်း လပြည့်ညက ပံ့သကူ ကောက်ရင်း ကားတိုက်လို့ အမျိုးသမီး တစ်ဦး သေဆုံးသွားပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို နိုဝင်ဘာလ ၁၆ ရက် ဒီနေ့ ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနေ့ကညက ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံ ပုလဲလမ်းမှာ သားအမိ လေးဦး ပံ့သကူကောက်ရင်း အသက် ၄၀ အရွယ် မိခင်ဖြစ်သူ ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေပြည်သာမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ည ကိုးနာရီလောက်မှာ ဖြစ်သွားတာ။ ပံ့သကူကောက်ရင်း ကားတိုက်သွားတော့ ကူညီရေးအဖွဲ့တွေက အင်းစိန်ဆေးရုံ ပို့လိုက်တာ။ အင်းစိန်ဆေးရုံရောက်ပြီး မကြာဘူး သေသွားတယ်”

ဒီ့အပြင် သင်္ဃန်းကျွန်းမြို့နယ်မှာလည်း မနေ့ညပိုင်းက ပံ့သကူကောက်ရင်း လူငါးဦး ကားတိုက်ခံရတာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း ဝေဠုဝန်လမ်းကျယ်မှာလည်း ပံ့သကူ လုကောက်ရင်း တစ်ဦး ချော်လဲပြီး ဦးခေါင်းထိခိုက်ဒဏ်ရာရသူကို ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ပေးခဲ့ရတယ်လို့ စမ်းချောင်းမြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ ပံ့သကူကောက်ရင်း ကားတိုက်သေဆုံးမှုတွေ တစ်ဦး ထက်မနည်းရှိနိုင်ပေမဲ့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ စား၀တ်နေရေး အကျပ်အတည်းကြောင့် လမ်းမတွေပေါ်မှာ စွန့်ကြဲတဲ့ ပံ့သကူငွေကို ကောက်ယူကြတာရှိသလို တချို့ကတော့ ပျော်ပွဲရွှင်ပွဲပုံစံ ကောက်ကြတာပါ။

ပြီးခဲ့တဲ့ နှစ်တွေကလည်း ရန်ကုန်မှာ ပံ့သကူငွေ လုကောက်ရင်း ကားတိုက်ခံလို့ သေဆုံး၊ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။