အဖမ်းအဆီးတွေ ရှိနေသေးတဲ့ အပေါ် စိုးရိမ်ကြောင်း ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ပြော


2013.07.29

သမ္မတ ဦးသိန်းစိန် ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇူလိုင်လ (၂၃ )ရက်နေ့က နိုင်ငံရေးအကျဉ်းသား (၇၃)ယောက် ပြန်လွတ်လာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း၊ ဒါပေမဲ့ တချိန်တည်းမှာလည်း တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးနေတာတွေ နဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား က ပြောပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ရသူတွေကို လွှတ်ပေးနေတာဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အမြင်သာဆုံးရလဒ်တွေထဲက ရလဒ်တစ်ခု ဖြစ်ပါတယ်၊ ဒါပေမဲ့ ဖမ်းဆီးထောင်ချနေတာတွေ ဆက်ရှိနေသေးတဲ့ အတွက် အထူးပဲ စိုးရိမ်မိပါတယ်၊ မြေတွေယာတွေ အသိမ်းခံခဲ့ရလို့  ဆန္ဒပြသူတွေ၊ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် ကာကွယ်ပေးခဲ့သူတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး ရုံးတင် တရားစွဲနေတာတွေ ရှိနေပါသေးတယ်၊ လာမယ့်လ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီကိစ္စတွေကို စုံစမ်းဖို့ ရည်ရွယ်ထားပါတယ် လို့ မစ္စတာ ကင်တားနား က ပြောဆိုကြောင်း ကုလသမဂ္ဂ သတင်းဌာနက ဖေါ်ပြပါတယ်။

အကျဉ်းသား စိစစ်ရေးကော်မတီသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက် နှုန်းစံတွေအပါအဝင် အရေးကြီးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု ပိုရှိလာမယ်လို့မျှော်လင့်ကြောင်း၊ အမှုသစ်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းဆီး တရားစွဲခဲ့တာ ဟုတ်မဟုတ် စိစစ်ဖို့လည်း  ကော်မတီကို တာဝန်ပေးသင့်ကြောင်း၊ ကော်မတီအနေနဲ့ အဖွဲ့အစည်းဆိုင်ရာ၊ တရားဥပဒေဆိုင်ရာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေပေါ်ပေါက်လာအောင် တိုက်တွန်းသင့်ကြောင်းလည်း ပြောပါတယ်။

ဒါ့ပြင် ငြိမ်းချမ်းစွာ စုေဝေးခွင့် နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ၊ တရားမဝင် အသင်းအဖွဲ့ ဥပဒေ စတဲ့ ပြုပြင် ပြောင်းလဲရေးဆိုင်ရာဥပဒေတွေ နဲ့ မြန်မာနိုင်ငံ လွတ်လပ်တဲ့တရားစီရင်မှု အခြေအနေတွေကိုလည်း လေ့လာ သုံးသပ်မယ်လို့ အထူးပြု ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။