ကျောက်ဆည်မှာ ပျူစောထီး အဖွဲ့ခေါင်းဆောင်တစ်ဦး ဓါးနဲ့ထိုးခံရ

2021.07.21
ကျောက်ဆည်မှာ ပျူစောထီး အဖွဲ့ခေါင်းဆောင်တစ်ဦး ဓါးနဲ့ထိုးခံရ ကျောက်ဆည်မြို့ ဗလီကွင်းကျေးရွာကို Google Map ကနေတွေ့ရစဉ်
Photo: Google Map

မန္တလေးတိုင်း ကျောက်ဆည်မြို့ ဗလီကွင်းကျေးရွာရဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရပြီး စစ်ကောင်စီကို သတင်းပေးနေတယ်လို့ စွပ်စွဲခံထားရသူ ဦးစိန်မြင့်ကို သေမင်းမှတ်တမ်း အဖွဲ့ဝင်တွေက ဓါးနဲ့ထိုးခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ မနေ့မနက်ပိုင်းက ဗလီကွင်းကျေးရွာ အပြင်ဘက်မှာ ဓါးနဲ့ထိုးခဲ့တာဖြစ်ပြီး သူ့ကြောင့် ပြည်သူတွေဒုက္ခရောက်နေရလို့ အခုလို ပြုလုပ်ရတာဖြစ်တယ်လို့ သေမင်းမှတ်တမ်းအဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။

“သူက ပြည်သူတွေကို မတရားပဲ ဒုက္ခပေးတယ်။ စစ်ကောင်စီရဲ့ အလိုတော်ရိပေါ့ ပြောရမယ်ဆိုရင်။ ပြီးတော့ အဲဒီရွာလည်း သူကြောင့် တိမ်းရှောင်နေရတဲ့ သူတွေရှိတယ်။ ပြည်သူတွေက တောင်းဆိုနေလို့ ကျနော်တို့က လုပ်ပေးရတာပါ”

ဦးစိန်မြင့်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် ကျောက်ဆည်ဆေးရုံကနေတဆင့် မန္တလေးဆေးရုံထိ ပို့ဆောင် ခဲ့ပေမယ့် ဆေးရုံမှာ ကိုဗစ်လူနာတွေ များနေတာကြောင့် သူ့ဒဏ်ရာတွေ ချုပ်ပေးပြီး နေအိမ်ကို ပြန်လွှတ် လိုက်တယ်လို့ ဒေသခံတွေက သိရပါတယ်။

ဦးစိန်မြင့်ဆီမှာ သေနတ် အတို တစ်လက်၊ အရှည် တစ်လက် စုစုပေါင်း သေနတ် နှစ်လက်ရှိနေပြီး ရွာမှာရှိတဲ့ စစ်တပ်ထောက်ခံသူ တချို့ကိုလည်း တိုက်ခိုက်ရေး သင်တန်းတွေပေးနေတာကြောင့် အခုလိုလုပ်တာလို့ သေမင်းမှတ်တမ်းအဖွဲ့ဝင်က ပြောပါတယ်။

ဦးစိန်မြင့်ရဲ့ စစ်တပ်ကို သတင်းပေးခဲ့တာတွေကြောင့် ရွာကို စစ်တပ်က မကြာခဏ လာဝိုင်းတာခံရပြီး ရွာသား ခုနစ်ယောက်လည်း တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။