ကျောက်ဆည်နဲ့ ကျုံပျော်မြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအပါအဝင် သုံးဦးအသတ်ခံရ

RFA Burmese
2024.04.13
ကျောက်ဆည်နဲ့ ကျုံပျော်မြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအပါအဝင် သုံးဦးအသတ်ခံရ ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာရှိ ဓမ္မဗိမာန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က ပြုလုပ်နေစဉ်။
Myanmar Military

ဧပြီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့ ကြိုးပမ်းနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ဆက်စပ်သူတစ်ဦး စုစုပေါင်း သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းကို ဧပြီ ၁၂ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။

သတိပေးမှုကို မလိုက်နာတာကြောင့် အခုလိုရှင်းလင်းလိုက်တာလို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ပြည်သူတွေရဲ့တိုင်ကြားမှုအရ မြို့နယ်အလိုက် ပြည်သူကိုခြိမ်းခြောက်ပြီး ဒုက္ခပေးနေတဲ့ အုပ်ချုပ်ရေးမှူးတချို့အပါအဝင် စစ်ကောင်စီဘက်တော်သားတွေကို သတိပေးမှုတွေ ပြုလုပ်ပြီးပါပြီ။ လိုက်နာမှုမရှိဘဲ ပြည်သူကို အဆိုးရွားဆုံး ဆက်လက်ဒုက္ခပေးနေတဲ့ စစ်ကောင်စီထောက်တိုင်ဖြစ်လို့ နောက်ဆုံးအဆင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်ပါတယ်”

စစ်မှုထမ်းဥပဒေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားပြီးနောက် အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းကို ပထမဆုံးအကြိမ် ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် အင်ကြင်းရွာအုပ်ချုပ်ရေးမှူး ဦးခင်အောင်နဲ့ ဇနီးဖြစ်သူကိုလည်း စစ်မှုထမ်းဥပဒေကိုအကောင်ထည်ဖို့ ကြိုးပမ်းနေတာကြောင့်ဆိုပြီး ဧပြီလ ၁၁ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ဧပြီလ ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း သုံးဆယ်ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။