ကျောက်ဆည်မှာ ဗုံးပေါက်ကွဲ တစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာစိုးရိမ်ရ
2021.09.22

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ကျောက်ဆည်ပြည်သူ့ဆေးရုံအနားမှာ စက်တင်ဘာလ ၂၁ ရက် မနေ့ည ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ကျောက်ဆည် ဒေသခံတွေက ပြောပါတယ်။
ညနေ ၆ နာရီဝန်းကျင် ဆေးရုံအနားက ကားတစ်စီးပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေကို ကျောက်ဆည်ပြည်သူ့ဆေးရုံကြီထံ ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနေ့ည ၁၀ နာရီဝန်းကျင်မှာလည်း ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်၊ ရုံးကြီးလမ်းက စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးကို မီတာခတွေ အတင်းအကျပ်ဆောင်ခိုင်းနေတာကြောင့်ဆိုပြီး ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က မိုင်းဆင်ဖောက်ခွဲခဲ့တယ်လို့ KPDF က သတင်းထုတ်ပြန်ထား ပါတယ်။
လျှပ်စစ်ရုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို အတည်ပြုနေဆဲဖြစ်သလို လူသေဆုံး ဒဏ်ရာရခဲ့တဲ့ ဆေးရုံအနားက ကားပေါ် ဗုံးပေါက်ကွဲတဲ့ကိစ္စကိုလည်း ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။
ဒါ့အပြင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး စတဲ့မြို့နယ်တွေမှာ မီတာခပေးဖို့ အတင်းအကျပ် ဖိအားပေးတာနဲ့ ခြိမ်းခြောက်တာတွေကိုလည်း တွေ့နေ့ရတယ်လို့ KPDF ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မီတာခတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် ပေးဆောင်ဖို့ မလိုဘဲ လျှပ်စစ်ရုံးက ဝန်ထမ်းတွေ CDM ဝင်ကြဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူ၊ အဆောက်အအုံတွေ အနားကိုလည်း မသွားလာဖို့ KPDF က သတိပေးထားပါတယ်။