ကျောက်ဆည်ခရိုင်မှာ ရေကြီးရေလျှံလို့ စိုက်ဧက နှစ်သောင်းနီးပါး ရေဝင်နစ်မြုပ်
2024.09.12

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်နဲ့ မြစ်သားမြို့နယ်တို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့က ဇော်ဂျီမြစ်ရေလျှံတာကြောင့် သီးနှံစိုက်ခင်း ၁၈,၆၉၃ ဧက ရေဝင်နစ်မြုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ကျောက်ဆည်မြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၅အုပ်စုမှာ စပါး ၁၀,၃၈၁ ဧက၊ နှမ်း ၈၅ ဧက၊ နေကြာ ၉၈ ဧက၊ ပဲမျိုးစုံ ၁,၀၁၂ ဧက၊ ဝါ ၈၉ ဧက၊ ငှက်ပျော ၄၅ ဧက၊ အခြားသီးနှံ ၁,၈၄၈ ဧက နဲ့ မြစ်သားမြို့နယ်မှာတော့ ကျေးရွာ အုပ်စုပေါင်း ၃၀ က စပါး ၅,၀၉၀ ဧက၊ ငှက်ပျော ၂၅ ဧက၊ အခြားသီးနှံ ၂၀ ဧက၊ စုစုပေါင်း ၁၈,၆၉၃ ဧက ရေဝင်နစ်မြုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်ဆည်မြို့နယ်အတွင်းက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ စိုက်ပျိုးဧက အကုန်နီးပါး ရေနစ်မြုပ်လို့ ပျက်စီးကုန်တယ်လို့ RFA ကို ပြောပါတယ်။
"လယ်တွေ စိုက်ထားပါတယ်၊၊ အိမ်တွေတောင် မြုပ်နေပြီဆိုတော့ လယ်ကွင်းတွေလည်း မြုပ်နေပြီပေါ့၊၊ အဖေတို့တော့ သူတို့နေတဲ့အရှေ့ဘက်ကနေပြီးတော့ ရွာထဲ ကူးတဲ့အချိန်မှာတော့ နွားတွေတော့ ရေထဲကို ပါသွားတယ်လို့ သိရတယ်ရှင့်၊၊ တစ်ရွာလုံးက လယ်ယာလုပ်ငန်းကို အဓိက လုပ်ကြတာပါရှင့်"
ဒီနေ့အထိ ရေပြန်မကျသေးဘဲ ရေအနက် ခုနစ်ပေကျော်ရှိနေတာကြောင့် မိုးဆက်ရွာရင် ရေပိုတတ်လာနိုင်တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ကျောက်ဆည်မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်မင်းတွန်၊ အောက်ချိုင်း၊ ဆူးကုန်း၊ ငါးဆူ၊ ပတ္တာ စတဲ့ရပ်ကွက် ငါးခုထက်မနည်း ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရာဂီမုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မိုးအဆက်မပြတ် ရွာနေတာကြောင့် ရေဘေးဒဏ်ကို ဒေသခံတွေ ရင်ဆိုင်နေရသလို ရေဘေးကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၂၇ ဦးအထိ သေဆုံးခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့လတွေအတွင်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀)ခန့် ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။