ရေဘေးသင့် ကရင်နီဒေသခံ သုံးသောင်းနီးပါး အကူအညီလိုနေကြောင်း IEC ထုတ်ပြန်
2024.10.10

ကရင်နီပြည် (ကယားပြည်နယ်) မှာ စက်တင်ဘာ ၉ ရက်နေ့က စတင် ရေကြီးနစ်မြုပ်ခဲ့တာ တစ်လပြည့်ခဲ့ပြီး လူသုံးသောင်းနီးပါး ရေဘေးသင့်ခဲ့သလို အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အောက်တိုဘာ ၁ဝ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကရင်နီပြည် ရေကြီးမှုတစ်လအတွင်း အကူအညီတွေ လိုအပ်နေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ တစ်လတာအတွင်းမှာ IEC ကနေ ရေးဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် အခက်အခဲအခြေအနေတွေကို တင်ပြပြီးတော့မှ နိုင်ငံတကာမှာရှိနေတဲ့ တစ်ဦးချင်းစီကို အကူအညီတောင်းဖို့ ခေါ်လိုက်တဲ့ခေါ်စာဖြစ်တယ်၊ တစ်လလည်းပြည့်သွားပြီ တစ်လအတွင်းမှာ ကျွန်တော်တို့ ပြီးစီးတဲ့အခြေအနေတွေ၊ ပျက်စီးမှုအခြေအနေတွေ၊ နောက်လာမဲ့အချိန်မှာ ဆက်ပြီးတော့ နိုင်ငံတကာက တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ကူညီပံ့ပိုးတာတွေ လုပ်နိုင်ဖို့အတွက်လည်း ကျွန်တော်ချပြမဲ့ အချက်အလက်တွေ ပြင်ဆင်နေပါတယ်"
ရေကြီးရေလျှံမှုကြောင့် စပါးနဲ့တခြားစိုက်ပျိုးသီးနှံ ဧက တစ်သောင်းကျော် (၁၀,၈၆၇ ဧက) ပျက်စီးသွားပြီး လူနေအိမ် နှစ်ထောင်နီးပါးလည်း ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်မှာ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ထူထောင်ဖို့၊ ပျက်စီးသွားတဲ့လယ်တွေအတွက် မျိုးစပါးနဲ့ ငွေကြေးထောက်ပံ့ဖို့နဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိတယ်လို့လည်း ကိုဗညားက ပြောပါတယ်။
ကရင်နီပြည်မှာ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ဖယ်ခုံ၊ လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဒီမော်ဆို၊ ဟိုယာ၊ ဘော်လခဲ၊ မော်ချီး၊ ရှားတောနဲ့ မယ်စဲ့ စတဲ့နေရာတွေမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဖြစ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်စခန်း ၁၆ ခုနဲ့ ကျေးရွာ ၅၄ ရွာက လူသုံးသောင်းနီးပါး (၂၉,၇၇၉ ဦး) ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
ရှားတော၊ ဒီးမော့ဆို၊ ဟိုယာနဲ့ ဖားဆောင်းတို့မှာ ရေပြန်ကျသွားပေမဲ့ လွိုင်ကော်၊ နန်းမယ်ခုံ၊ ဖယ်ခုံနဲ့ မယ်စဲ့မြို့နယ်တွေမှာ ရေပြန်မကျသေးဘဲ ရွာတွေ၊ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ လယ်တွေမှာ ရေကြီးနစ်မြုပ်နေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။