ဒီးမော့ဆို ဒုက္ခသည်စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ဒုက္ခသည် သုံးဦးသေဆုံး
2025.01.15

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆိုခူရွာက စစ်ဘေးဒုက္ခသည် စခန်းတစ်ခုကို ဇန်နဝါရီလ ၁၅ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည် သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ဆေးကုသမှု ခံယူရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ဒုက္ခသည်စခန်းကို တိုက်ခိုက်ခဲ့တာလို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုတာအဲစိုးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်း ကယားပြည်နယ်နေ့ လာပြီး ကျင်းပဖို့ လွိုင်ကော်မြို့ကို ရောက်နေတဲ့ အချိန်လည်း ဖြစ်တယ်။ စစ်ကောင်စီ ခေါင်းဆောင်တွေ လာတိုင်း ကရင်နီမှာ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်လေ့ ရှိတယ်။ စစ်ကောင်စီ ခေါင်းဆောင်တွေ လာတိုင်း ပြည်သူတွေအတွက် သေခြင်းတရားတွေပဲ ယူဆောင်လာတယ်။ ပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်တာ"
ဗုံးကြဲခံရတာကြောင့် အသက် ၁၈ နှစ်ကနေ ၇၅ နှစ်အတွင်း အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦကတော့ မျက်နှာ၊ ခြေထောက်နဲ့ ပေါင်တို့မှာ ဒဏ်ရာရထားပြီး ဆေးကုသမှုခံယူနေတယ်လို့ ကိုတာအဲစိုးက ပြောပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ညပိုင်းမှာ တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက်ခဲ့တာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လက်ထောက် ညွှန်ကြားရေးမှူး ဦးဇာနည်အောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ မဖြေပါဘူး။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လေကြေင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။