ကယားမှာ တစ်နှစ်အတွင်း အရပ်သားတစ်ရာကျော် သေဆုံး

RFA Burmese
2025.01.31
ကယားမှာ တစ်နှစ်အတွင်း အရပ်သားတစ်ရာကျော် သေဆုံး လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။
Karenni Human Rights Group

ကယားပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခု ကျူးလွန်ခဲ့ပြီး အရပ်သား တစ်ရာကျော်သေဆုံးခဲ့ကာ ၄၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဇန်နဝါရီလ ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီကျူးလွန်တာတွေကို မှတ်တမ်းတင်ထားပြီး အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ IEC အတွင်းရေးမှူး (၂) ခွန်ဗညားအောင်က RFA ကို ပြောပါတယ်။

"လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ မြေမြှုပ်မိုင်း စသဖြင့်ပေါ့၊ အရပ်သားထိခိုက်သေဆုံးတာက သုံးရာဝန်းကျင်ရှိတယ်၊ ဒီဖြစ်စဉ်တွေက လက်လှမ်းမီသလောက် ကောက်ယူထားတာဖြစ်တယ်၊ ဒါက ဘာကိုပြချင်လဲဆိုတော့ ကျွန်တော်တို့ ကရင်နီပြည်မှာ လက်ရှိစစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှုကို ကျွန်တော်တို့ IEC တင်မကဘူးပေါ့နော် ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မှတ်တမ်းတင် အတည်ပြုကြတယ်၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုဖောက်မှုတွေကို လျစ်လျူမရှုဘူး၊ စနစ်တကျ မှတ်တမ်းတင်ထားတယ်၊ ဒါက ပြည်နယ်ဥပကြောင်းအရဖြစ်စေ၊ ပြည်ထောင်စုဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံတကာ ဥပဒေကြောင်းအရဖြစ်စေ၊ အခါအားလျော်စွာ အပြစ်ပေးအရေးယူမှုတွေ လုပ်သွားမယ်"

လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာ ၃၆ ကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၄၆ ကြိမ်နဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲတာ ၂၆ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်တာတွေကြောင့် ဒေသခံ အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၂၆ ဦး၊ ကလေး ၃၆ ဦးနဲ့ အမည်အတည်မပြုနိုင်သေးတဲ့ ဒေသခံသုံးဦး စုစုပေါင်း ၁ဝ၆ ဦး သေဆုံးခဲ့သလို အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၄၈ ဦး၊ ကလေးငယ် ၃၉ ဦးနဲ့ အမည်အတည်မပြုနိုင်သေးတဲ့ ၂၈၈ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ IEC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ ဖယ်ခုံမြို့နယ်မှာ ၄၈ ခုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖ၊ နန်းဖယ်ခုံ၊ ဒီးဘောင်းခူ၊ လွိုင်ကော်၊ ဘော်လခဲနဲ့ ရှားတောမြို့နယ်တွေမှာလည်း အလားတူချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီရောင်းချတာတွေ မလုပ်ဖို့၊ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေးအဆောက်အဦလို ပြည်သူပိုင် အဆောက်အဦတွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီကို ဖိအားပေးဖို့၊ စစ်ကောင်စီကိုယ်စားလှယ်တွေကို နိုင်ငံတကာအစည်းအဝေးတွေ မဖိတ်ဖို့နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့လည်း IEC က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ လူကုန်ကူးတာနဲ့ ကျားဖြန့်(အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း) တွေမှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ တိုက်ရိုက်ပတ်သက်နေတာကြောင့် ပူးပေါင်းတားဆီးတိုက်ဖျက်ဖို့ တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။