မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
2019.04.07

၂၀၁၉ ခုနှစ်အတွက် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရရှိခဲ့ပါတယ်။
ဧပြီ ၆ ရက်နေ့ မနေ့က အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ကြေညာချီးမြှင့်ခဲ့တာလို့ သိရပါတယ်။
တဆက်တည်းမှာပဲ ပြည်သူ့ဂုဏ်ရည်ဆုအပြင် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် အထူးဆု ၄ ခု ကိုလည်း ချီးမြှင့်ခဲ့ပြီး မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်၊ ဆရာမ ဒေါ်အိအိညိမ်းနဲ့ Clean Yangon Campaign တို့က ရရှိခဲ့ကြပါတယ်။
၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုခံထားရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အမည်စာရင်းထဲက ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အခြေခံမူတွေနဲ့ စိစစ်ပြီး ဆုရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်ဒေါ်လာတစ်သောင်း ချီးမြှင့်မှာဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုကို ဒေါ်လာ တစ်ထောင်စီချီးမြှင့်မှာဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုနဲ့ အထူးဆုရှင်တွေအတွက် ဂုဏ်ပြုငွေနဲ့ ဆုတံဆိပ်တွေကို လာမယ့် ဧပြီ ၂၈ ရက်နေ့ မန္တလေးမြို့က မန္တလေးကွန်ဗန်းရှင်းစင်တာမှာ ပေးအပ်သွားမယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ရန်ကုန်မြို့က မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံးက ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မန္တလေးဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းက ရရှိခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။