မန္တလေး စည်ပင်ဥပဒေပြင်ဆင်ရေး စတင်ကြားနာ


2018.12.07
mdy-parliament-622.jpg မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ နည်းဥပဒေတွေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင် ရေးဆွဲပြဌာန်းနိုင်ဖို့အတွက် မြို့နေပြည်သူတွေရဲ့ သဘောထားသိနိုင်ဖို့ ပြည်သူ့အသံကြားနာပွဲကို မန္တလေး တိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကစပြီး ၃ ရက်တာ ကျင်းပနေပါတယ်။

စည်ပင်ဥပဒေကို ပြဌာန်းတဲ့အခါ ဒီဥပဒေရဲ့အကျိုးကို တကယ်ခံစားရမယ့် ပြည်သူတွေရဲ့ အသံလည်း ပါဝင်ပြီး ပြည်သူတွေ ဆွေးနွေးတဲ့အချက်တွေပါ ဥပဒေမှာ ထည့်သွင်းနိုင်အောင် ရည်ရွယ်ပြီး အခုလို ပြည်သူ့အသံကြားနာ ပွဲကို ပြုလုပ်ရတာဖြစ်တယ်လို့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က RFA ကို ပြောပါတယ်။

ဥပဒေတစ်ခု ပြဌာန်းမယ်ဆိုရင် အရင်က သက်ဆိုင်ရာဌာန၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ပညာရှင်တွေက အဓိက ပါဝင်ရေးဆွဲ ပြဌာန်းခဲ့ကြတာဖြစ်ပြီး အခုလို ပြည်သူ့အသံကို နားထောင်ပြီး ဥပဒေရေးဆွဲ ဆောင်ရွက်တာမျိုး နောင်မှာအလေ့ကျင့်ဖြစ်အောင် ပထမဆုံးအကြိမ်အဖြစ် အခုလို စဆောင်ရွက်တာလို့လည်း အစိုးရအဖွဲ့က ဆိုပါတယ်။

ဒီ ၃ ရက်တာပြုလုပ်မယ့် ပြည်သူ့အသံကြားနားပွဲမှာ မန္တလေးမြို့တော်စည်ပင်မှာ ဌာနပေါင်း ၁၄ ခုရှိတဲ့အနက်က ဈေးနှင့်သားသတ်လုပ်ငန်းဌာနနဲ့ဆိုင်တဲ့ ဥပဒေ နည်းဥပဒေဆိုင်ရာကိစ္စတွေကို  ဒီတိုင်းလွှတ်တော် ကိုယ်စား လှယ်တွေ၊ သက်ဆိုင်ရာ စည်ပင်တာဝန်ရှိသူတွေနဲ့အတူ တက်ရောက်လာတဲ့ ပြည်သူတွေက မေးခွန်းမေးမြန်းတာ၊ ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီပွဲက ရရှိလာတဲ့အချက်အလက်တွေကို ဥပဒေရေးဆွဲရာမှာ ထည့်သွင်းရေးဆွဲသွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း စည်ပင်ဥပဒေကို အပြီးရေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။