ဖောင်တော်ဦးပရဟိ တကျောင်း ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရ
2017.05.29

မြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီး လူမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ "ပြည်သူ့ဂုဏ်ရည်ဆု" ကို ဒီနှစ်မှာ မန္တလေးမြို့က ဆရာတော်အရှင်နာယက ဦးစီးတည်ထောင်ထားတဲ့ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်းက ရရှိသွားပါတယ်။
ဖောင်တော်ဦးကျောင်းဟာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၈၀၀၀ ကျော်ကို အခမဲ့ ပညာသင်ကြားပေးနေပြီး ကျောင်းသားဗဟိုပြု ပညာရေးစနစ်ကို အောင်မြင်အောင် ကျင့်သုံးနိုင်ခဲ့တာကြောင့် ဆုချီးမြှင့်တာဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုသန်းနိုင် က ပြောပါတယ်။
"ကလေးဗဟိုပြုစနစ်နဲ့ ပညာရေးပြောင်းလဲမှုကို လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကတည်းက ဖောင်တော်ဦးကျောင်းက ပရဟိတပုံစံနဲ့ စတင်လုပ်ခဲ့တာတွေ့ရတယ်၊ အခုဆိုရင် ဖော်တော်ဦးက နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး တက္ကသိုလ်အဆင့်ရောက်အောင် လုပ်နေတာတွေလည်းမြင်နေရပြီ၊ ဒီစနစ်ကို အောင်မြင်အောင် အကောင်အ ထည်ဖော်ခဲ့တဲ့ ပညာရေးစနစ်တစ်ခုအတွက် ဖောင်တော်ဦးကျောင်းကတော့ စံပြဖြစ်တယ်၊ ဒီနှစ်မှာ ပြည်သူ့ ဂုဏ်ရည်ဆုနဲ့ ထိုက်ထိုက်တန်တန်ရခဲ့တယ်၊ ကျနေ်ာတို့ ဂုဏ်ပြုနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်"
ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်ကတည်းက နှစ်စဉ်ချီးမြှင့်လာခဲ့တာဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ မနေ့ကကျင်းပတဲ့ (၈) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားမှာ ဒီနှစ်အတွက် ဆုရရှိသူတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုအပါအဝင် ပြည်သူ့ဂုဏ်ရည် အထူးဆု ၃ ဆု စုစုပေါင်း ဆုလေးဆု ချီးမြှင့်မှာဖြစ် ပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် ၃ ဆုအနေနဲ့ လိင်မှုဆိုင်ရာ ပညာပေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး ပရဟိတလုပ်ငန်းတွေ ပါ လုပ်ကိုင်နေတဲ့ ကိုစိုးထိုက် (ဖဒို) ၊ Save the Library စာကြည့်တိုက်များကွန်ရက်နဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေတဲ့ အင်ဂျင်နီယာ ကိုအေးကျော်ကျော် တို့က ရရှိခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သောင်း ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆုကိုတော့ အမေရိကန်ဒေါ်လာ တစ်ထောင်စီ ချီးမြှင့်မှာဖြစ်ပါတယ်။
ဆုရရှိသူတွေကို လာမယ့်ဇွန်လ ၄ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပေးအပ်သွားမယ်လို့ ပြည်သူ့ ဂုဏ်ရည်အသင်း ပြန်ကြားရေးအဖွဲ့ဝင် ကိုသန်းနိုင် က ပြောပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် အမည်တင်သွင်းခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ ပရဟိတအဖွဲ့ပေါင်း ၃၇ ဦးရှိခဲ့ပြီး အဲဒီအထဲက ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို မဲစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။