ပူတာအိုမြို့နယ်က ရွှေလုပ်ကွက်တွေ ဆက်မလုပ်ဖို့ ဒေသခံတွေ တားဆီး
2023.06.14

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဖတ်မာရွာအနီး ပူတာအို-မြစ်ကြီးနားကားလမ်း ပြည်ထောင်စုလမ်းမပေါ် မှာရှိတဲ့ ရွှေလုပ်ကွက်တွေကို ဇွန်လ ၁၂ ရက်က ဒေသခံတွေ သွားရောက်တားဆီးပြီး လူနေတဲအိမ်တွေကို ဖျက်ဆီးခဲ့တယ်လို့ အဲဒီမှာပါဝင်သူတွေက RFA ကို ပြောပါတယ်။
အဲဒီ တရားမဝင်ရွှေလုပ်ကွက်တွေကြောင့် ဖတ်မာရွာခံတွေရဲ့ စိုက်ပျိုးမြေတချို့ ထိခိုက်ပျက်စီးခဲ့သလို သောက်သုံးရေတွေလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ရွှေတူးဖော်တာဆက်မလုပ်ဖို့ ရွှေလုပ်ကွက်တာဝန်ရှိသူတွေနဲ့ မေလကတည်းက အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် အခုလိုသွားရောက်တားဆီးရတာလို့ အမည်မဖော်လိုတဲ့ ဖတ်မာရွာခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က လုပ်ငန်းက အခုစနေပြီပေါ့။ ရွှေလုပ်ကွက်တွေက ဖတ်မာချောင်းအထက် ပိုင်းမှာ ရှိနေတာ။ အဲဒီကနေ တူးလိုက်တော့ ဖတ်မာချောင်းလဲ နောက်သွားတာပဲ၊ ရေဆို ဘယ်လိုမှကို သုံးလို့မရတော့ဘူး။ ပြီးတော့ တောင်ယာတွေ ၁၀ ဧကကျော်လောက် ပျက်စီးတယ်။ ရေတွေဝင်ပြီးနစ်ကုန်တာပေါ့။ ဒါကြောင့် ကိုယ့်ဘာသာပဲ လူစုပြီး တားခဲ့လိုက်တယ်။ သူတို့ဘက်ကတော့ နောက်ပြန်ဆုတ်မယ့် သဘောရှိနေတယ်"
ဒေသခံတွေ သွားရောက်ဖျက်ဆီးချိန် မြေတူးယာဉ် (Backhoe) မောင်းသူတွေ ယာဉ်ကို ထားပြီး ထွက်ပြေးသွားသလို ဇွန်လ ၁၃ ရက်ညနေမှာလည်း ရွှေတူးဖော်နေတဲ့လုပ်ငန်းရှင် တွေဟာ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ၊ ဆီပုံးတွေနဲ့ စက်ယန္တရားတချို့ကို ပြန်လည်သိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။
ဖတ်မာရွာခံတွေကတော့ တောင်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုသာ အဓိကလုပ်ဆောင် ကြပြီး ရွှေတူးဖော်တာကို မလုပ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာအနီးမှာ အရင်က တရားမဝင်ရွှေတူးဖော်တာမရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ရွာအုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့လုပ်နေတဲ့ ရွှေလုပ်ကွက်လေးခုထက်မနည်း ရှိလာတယ် လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက သူတို့အနေနဲ့ သယံဇာတ တူးဖော်ဖို့အတွက် တရားဝင်ခွင့်ပြုထားတာမရှိဘူးလို့ RFA ကို အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။
ပူတာအိုမြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ ဖတ်မာရွာမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဖတ်မာရွာခံငါးရာကျော် လောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။