ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဖားကန့်မှာ ဆန္ဒပြ

RFA Burmese
2025.01.13
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဖားကန့်မှာ ဆန္ဒပြ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရန် ဖားကန့် မှော်လည့်သပိတ်အဖွဲ့မှ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းမှော်တစ်ခုတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ တောင်းဆိုခဲ့ကြစဉ်။
Citizen Photo

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဖားကန့်မြို့နယ် မှော်လှည့်သပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၁၃ ရက် (ပြာသိုလပြည့်) ဒီနေ့ ကျရောက်တဲ့ အမေနေ့ အထိန်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တာလို့ သပိတ်ဦးဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အမေနေ့အထိမ်းအမှတ် သပိတ်လုပ်ခဲ့တာပါ။ ဖားကန့်မှော်လှည့်သပိတ်က တစ်လ နှစ်ကြိမ် အနည်းဆုံး လုပ်ဖြစ်ပါတယ်။ ဒီနေ့လည်း အမေစုနဲ့ နိုင်ကျဉ်းတွေ အမြန်ဆုံးလွတ်မြောက်လာဖို့ ဆန္ဒပြတောင်းဆိုခဲ့တာပါ"

ဒီဆန္ဒပြပွဲကို ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းမှော်တစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် နေရာအတိအကျကို သူက ထုတ်မပြောပါဘူး။

ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်မှာပဲ စစ်ကောင်စီတပ်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက မဆွပ်ယန်နဲ့ ဆန်ခါရွာတို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေနဲ့ လေကြောင်တိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားကပဲ ဖားကန့် မှော်လှည့်သပိတ်စစ်ကြောင်းအနေနဲ့ ဆန္ဒပြတောင်းဆိုတဲ့ လူထုလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်နေတယ်လို့ သပိတ်မှာ ပါဝင်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ စာရင်းတွေအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူပေါင်း နှစ်သောင်းကျော် (၂၁,၄၈၁ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။