ကြေးနီစီမံကိန်း သိမ်းဆည်းမြေယာလျော်ကြေးရဖို့ ဒေသခံတွေ ဆန္ဒပြတောင်းဆို

ခေမဏီဝင်း
2019.12.30
salingyi-copper-mine-protest-622 စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရသည့်လယ်ယာမြေတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးငွေပေးဖို့ ၂၀၁၉ ဒီဇင်ဘာလ ၃ဝ ရက်နေ့က ဆားလင်းကြီးမြို့တွင် ဆန္ဒပြစဥ်။
ဓာတ်ပုံ - ကိုတင့်အောင်စိုး

တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာယန်စီကုမ္ပဏီက ကြေးနီထုတ်လုပ်ရေးစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် လျော်ကြေးရရှိဖို့နဲ့ ချင်းတွင်းမြစ်ရေ သုံးစွဲခွင့်ရရှိရေးအတွက် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာက ဒေသခံ ၂၀၀ ခန့် ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့တာပါ။

စံပယ်တောင်နဲ့ ကြေးစင်တောင်ကနေ ကြေးနီထုတ်လုပ်နေတာဖြစ်ပြီး အဲဒီတောင်အနီးက မြေယာတွေကို လိုအပ်ချက်အရဆိုပြီး စစ်အစိုးရလက်ထက်က သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။

မြေယာလျော်ကြေးနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထဲကပါတဲ့အတိုင်း ရလိုတာကြောင့် တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်တဲ့ ကိုတင့်အောင်စိုးက ပြောပါတယ်။

တောင်းဆိုမှု လုပ်မပေးဘူးဆိုရင် တစ်နယ်လုံးချိတ်ဆက်ပြီးတော့ တောင်းဆိုမှုတွေ ဆက်တိုက်လုပ်သွားမယ်

"မြေယာလျော်ကြေးပေးမယ်ဆိုတဲ့ ကတိကဝတ်က ၂၀၁၅ လောက်ကတည်းက  ရထားတယ်။ ကုမ္ပဏီကလည်း စာထွက်ထားတယ်။ အစိုးရအနေနဲ့ ကူညီပေးဖို့၊ သူတို့ ကလည်း လျော်ကြေးပေးဖို့ အဆင်သင့် ရှိနေပါတယ်ပေါ့။ တောင်းဆိုမှုလုပ်မပေးဘူးဆိုရင် တစ်နယ်လုံး ချိတ်ဆက် ပြီးတော့ တောင်းဆိုမှုတွေ ဆက်တိုက် လုပ်သွားမယ်"

လျော်ကြေးမပေးဘူးလို့ ကုမ္ပဏီဘက်က မပြောပေမယ့် ဒေသခံတွေ တောင်းဆိုထားတဲ့နှုန်းအတိုင်း မပေးတာကြောင့် လျော်ကြေးပေးဖို့ ကြန့်ကြာနေတာကို ဆန္ဒပြတောင်းဆိုတာလို့ ကိုတင့်အောင်စိုးက ပြောပါတယ်။

မြန်မာယန်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည် မဖော်ခင်တည်းက ဆောင်ရွက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒါကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ စီမံကိန်းကထွက်ရှိတဲ့ အညစ်ကြေးတွေကြောင့် မြေအောက်ရေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ရွာထဲက သုံးစွဲနေရတဲ့ရေတွေအကြောင်းကို ဒေသခံရွာသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အေးသန်းက

"ချောင်းရေတင်ပြီးသောက်တယ်၊ ဒါပေမဲ့ အဆင်မပြေဘူး၊ အဲဒါကြောင့် လာတောင်းတာ၊ အစတုန်းက ပေးမယ်ပြောထားတာ၊ ပေးနိုး ပေးနိုး စောင့်နေတာ၊ နှစ်တွေက ကြာနေပြီ၊ အခုသုံးနေရတဲ့ရေက ဒီနေ့ စဉ့်အိုးထဲမှာရေထည့်ထားရင် နောက်နေ့ ဆားချက်သလိုဖြစ်သွားတာ"

ဒေသခံတွေတောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာယန်စီ ကုမ္ပဏီ တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြေယာလျောကြေးရရှိဖို့ကို ဒေသခံရွာသားတွေက ယခင်အစိုးရလက်ထက်ကတည်းက တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိအစိုးရလက်ထက် လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြေယာလျော်ကြေးတွေ အပြီးပေးအပ်ဖို့  မြေယာလျော်ကြေးပေးအပ်ရေးကော်မတီက လျာထားသတ်မှတ်ထားကြောင်း ဒေသခံတွေနဲ့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက သိရပါတယ်။

ဒေသခံတွေ တောင်းဆိုနေတဲ့ လျော်ကြေးနှုန်းက တစ်ဧကကို ကျပ် ၁၅ သိန်းကနေ ၂၅ သိန်းအထိ နှုန်းထားနဲ့ တောင်းဆိုနေတာဖြစ်ပြီး ကုမ္ပဏီဘက်က ပေးချေနေတဲ့ ဈေးနှုန်းကတော့ တစ်ဧကကို ကျပ် ၁၂ သိန်းကနေ ကျပ် ၁၄ သိန်း အထိပဲပေးနေတာဖြစ်ပါတယ်။ ဒေသခံတွေက သူတို့တောင်းဆိုတဲ့ နှုန်းထားအတိုင်း လျော်ကြေးရဖို့ အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ကာလမှာ မြေယာလျော်ကြေးကိစ္စတွေ ပြီးပြတ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က

"နဂိုကလည်း ခြံစည်းရိုးမခတ်ခဲ့တဲ့အတွက် လုပ်စားနေတဲ့သူတွေကလည်း သူတို့ပိုင်သွားပြီထင်နေတာ၊ အစိုးရက ဥပဒေနဲ့အညီ မြန်မြန်ခတ်လိုက်ရင်တော့ မြန်မြန်ပြတ်မှာ၊ ကုမ္ပဏီကလည်း ခြံခတ်မပြီးရင်တော့ ထောက်ပံ့ကြေး မပေးနိုင်ဘူးဆိုတာကလည်း အစကတည်းက ကြိုတင်ပြောထားတာရှိတဲ့အတွက် ဒီကိစ္စ တိုင်းဒေသကြီးအစိုးရက ဖြတ်မပေးရင် ၂၀၂၀ မဟုတ်ဘူး၊ ဘယ်တော့မှမပြတ်ဘူး"

ချင်းတွင်းမြစ်ရေ ရရှိဖို့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ကံကုန်းကျေးရွာက ရေခက်ခဲတာမှန်ကန်ကြောင်းနဲ့ လက်တလောမှာ ရွာတွေအနေနဲ့ ချောင်းရေတွေနဲ့ သုံးလို့ရနေသေးတာကြောင့် အမှန်တကယ် အခက်အခဲ ဖြစ်လာရင်တော့ ကုမ္ပဏီက ကူညီမယ့်သဘောရှိတယ်လို့ ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

ယင်းမာပင်မြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီကတော့ မြန်မာ-ယန်စီကြေးနီစီမံကိန်းအတွက် မြေယာလျော်ကြေး သတ်မှတ်ထားတဲ့နှုန်းထားတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်း (ဒါမှမဟုတ်) ဝန်ကြီးချုပ်ကိုစာပို့ပြီး မေးမြန်းသွားဖို့ရှိကြောင်း RFA ကိုပြောပါတယ်။

မြန်မာယန်စီ ကုမ္ပဏီကို ၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စံပယ်တောင်နဲ့ ကြေးစင်တောင်တွေက မြေဧက ၇၈၀၀ ခန့်မှာ တပ်မတော်ပိုင် စီးပွားရေးဦးပိုင် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကြေးနီထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြသူတွေက မြေဧက ၂၀၀၀ ကျော်အတွက် ထိုက်တန်တဲ့လျော်ကြေးရရှိဖို့နဲ့ ချင်းတွင်းမြစ်ရေ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးဖို့ကို ကံကုန်းကျေးရွာကနေ ယန်စီကုမ္ပဏီ ဂိတ်ပေါက်အထိ ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာယန်စီကုမ္ပဏီအနေနဲ့ ဆားလင်းကြီးမြို့နယ်အပြင် ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်မှာလည်း သတ္ထု စမ်းသပ်တူးဖော်ခွင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ တင်ပြထားပါတယ်။ အဲဒီလို တိုးချဲ့ဆောင်ရွက်မယ့် စီမံကိန်းကိုလည်း ဒေသခံတွေက ကန့်ကွက်တာတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။