သမ္မတလောင်း အမည်စာရင်း တင်သွင်းရေးနေ့ရက် ပြင် ဆင်ကြေညာ


2016.03.01
mahn-winkhaingthan-620.jpg ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းကို မတ်လ ၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်
.

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် ဒုတိယ သမ္မတလောင်း အမည်စာရင်းတင်သွင်းနိုင်ရေး အစုအဖွဲ့အစည်းအဝေးတွေကို လာမယ့် မတ်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပဖို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီကနေ့ ကြေညာလိုက်ပါတယ်။

အရင်က မတ်လ ၁၇ ရက်မှာ အစုအဖွဲ့အလိုက်အစည်းအဝေးတွေ ကျင်းပမယ်လို့ ကြေညာထားတာကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်းနဲ့ သမ္မတအရည်အချင်း စိစစ် ရွေးချယ်ရေးအဖွဲ့မှာပါဝင်မယ့် အဖွဲ့ဝင်စာရင်းကိုပါ မတ်လ ၁၀ရက်နေ့မှာ တင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

"နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့လိုက်၊ ဒုတိယသမ္မတလောင်း များ အစုဖွဲ့လိုက် အဆိုပြုခြင်းအစည်းအဝေးကို စတင်ကျင်းပပြုလုပ်ရန် သတ်မှတ်ကြေညာ ထားတဲ့ ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ ကြာသပတေးနေ့အစား တစ်ပတ်ရှေ့တိုးပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ကြာသပတေးနေ့တွင် စတင်ကျင်းပပြုလုပ်သွားရန် ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာပါတယ်၊ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးတဲ့ ဒုတိယသမ္မတများ အမည်စာရင်းတွင် နိုင်ငံတော်သမ္မတ အရည်အချင်းပြည့်စုံမှု ရှိ၊ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီရဲ့ အမည်စာရင်းတို့ကို ပြင်ဆင်သတ်မှတ်ပေးတဲ့ နေ့ရက်နဲ့အညီ တစ်ပါတည်းရွေးချယ်ပြီး ပေးပို့ကြရန်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ၂ ခုပေါင်းက တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တို့က ဒုတိယ သမ္မတလောင်းအမည်စာရင်းတွေနဲ့ သမ္မတအရည်အချင်းစိစစ်ရွေးချယ်ရေး အဖွဲ့ဝင် စာရင်းတွေကို တင်သွင်းရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က နေပြည်တော်မှာ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပပြီးနောက် အခုလိုပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ရွေးချယ်တင်မြှောက်ခံရတဲ့ နိုင်ငံတော်သမ္မတဟာ မတ်လ ၃၁ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး အစိုးရတာဝန်လွှဲပြောင်းရယူရမှာဖြစ်သလို ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို ခန့်အပ်ပေးရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို လာမယ့် မတ်လ ၂ ရက်ကနေ ၆ ရက်အထိ ရပ်နားမှာဖြစ်ပြီး လာမယ့် မတ်လ ၇ ရက်နေ့မှာ ပြန်လည်ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။