သတင်းသမားများ ကာကွယ်ရေးကော်မတီက ရိုက်တာ အမှုကိစ္စ သမ္မတထံ တင်ပြ
2018.11.23

ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ ဒီအမှုမှာပါဝင်ပတ်သက်ခဲ့တဲ့ ဒု-ရဲမှူး မိုးရန်နိုင်တို့ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ တင်ပြလိုက်ပါတယ်။
အသစ်ရွေးချယ်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့က အဖွဲ့ဝင်တွေ ဒီကနေ့ နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော်မှာ သွားရောက်ပြီး ကျမ်းသစ္စာကျိမ်ဆိုအပြီး အခုလို တင်ပြခဲ့တာလို့ သိရပါတယ်။
စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေထဲမှာ ပါဝင်တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက အခုလို တင်ပြလိုက်တာလို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ လည်းဖြစ် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးသာလွန်ဇောင်းထက်က ပြောပါတယ်။
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ ဒု-ရဲမှူး မိုးရန်နိုင်တို့ရဲ့ ဇနီးတွေဆီက အသနားခံစာတွေကို နိုင်ငံတော်သမ္မတထံ ပေးအပ်ခဲ့တာဖြစ်ပြီး Eleven သတင်းမီဒီယာရဲ့ တင်ပြတဲ့စာကိုလည်း ပေးအပ်ခဲ့တာဖြစ် ပါတယ်။
သမ္မတ ဦးဝင်းမြင့်ကတော့ အကျဉ်းကျနေတဲ့ သတင်းထောက်တွေကို ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်ပေးမယ် လို့ ပြန်လည်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့် အရေးကြီးကြောင်း၊ စာနယ်ဇင်းကောင်စီအနေနဲ့ မီဒီယာလောကကို ဦးဆောင်ဦးရွက်ပြု ဖို့လိုကြောင်း စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေကို သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ညပိုင်းမှာ ညစာစားပွဲကျင်းပမှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ရှိတဲ့အတွက် အကျဉ်းကျနေတဲ့ သတင်းထောက်နှစ်ဦးနဲ့ ဒု-ရဲမှူး မိုးရန်နိုင်တို့ ကိစ္စကိုလည်း ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။