ဒုရဲမှူးမိုးရန်နိုင် မနက်ဖြန် လွတ်ရက်စေ့ပြီ


2019.01.31
moeyannaing-622.jpg ရိုက်တာသတင်းထောက် ၂ ဦးအမှုမှာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA
ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒုရဲမှူးမိုးရန်နိုင်ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွတ်ရက်စေ့ပြီး အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာတော့မယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိတော့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင့်နိုင် ကတော့ မိသားစုဝင်တွေကို သက်ဆိုင်ရာက တရားဝင်အကြောင်းကြားတာ မရှိသေးဘဲ၊ သတင်းဌာနတွေမှာ ဖော်ပြထားလို့သာ အကိုဖြစ်သူ ပြန်လွတ်လာမှာကို သိရတာဖြစ်ကြောင်းနဲ့ ဦးမိုးရန်နိုင် လွတ်မြောက်လာရင် သူတို့ရဲ့ ဇာတိမြို့ကိုပြန်မှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရသူဖြစ်ပြီး၊ တရားရုံးမှာ သူကြုံတွေ့သိရှိတဲ့အတိုင်း ထွက်ဆိုခဲ့တဲ့အတွက် “မယုံကြည်ရတဲ့ သက်သေ” အဖြစ် တင်သွင်းခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက် ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒုရဲမှူးမိုးရန်နိုင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကတော့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။